​ညောင်​လေးပင်​မြို့

February 22, 2021

စစ်အာဏာရှင်ဆန့်ကျင်ရေး ၂ ငါးလုံး အထွေထွေသပိတ် ​ညောင်​လေးပင်​မြို့တွင် သိန်းချီပါဝင်

ပဲခူးတိုင်း​ဒေသ​ကြီး၊​ ညောင်​လေးပင်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂ ငါးလုံး အထွေထွေ သပိတ်ကို ဒီနေ့ မနက်က မြို့နယ်လုံးကျွတ် ပြည်သူသိန်းနဲ့ချီ ပါဝင် ဆန္ဒပြနေကြပါတယ်။

​မြို့​ပေါ်ရှိဈေး​တွေ၊ အလုပ်​တွေ အားလုံးပိတ်​ပြီး လမ်း​ပေါ်ထွက်လာခဲ့​ကြသလို၊ ကျေးရွာနေ ​ပြည်သူတွေ၊ ကရင်တိုင်းရင်းသား​တွေကလည်း ယာဥ်မျိုးစုံနဲ့ ​မြို့​ပေါ်တက်လာကာ ၂ ငါးလုံ းအထွေထွေသပိတ်မှာ ပါဝင်ခဲ့​ကြ​ပြီ ဒီနေ့ဟာညောင်​လေးပင်မြို့ အတွက် စစ်အာဏာဆန့်ကျင်ရေး သမိုင်းဝင်တဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ရတယ်လို့ ဆန္ဒပြရာမှာပါဝင်သူတွေက ပြောပါတယ်။

ဆန္ဒပြ ပြည်သူတွေနဲ့အတူ ကျန်းမာရေး၊ ပညာရေး၊  လျှပ်စစ်၊ စည်ပင်၊  သစ်တော၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန​အပါအဝင် CDM လုပ်ထားကြတဲ့ ဌာနတချို့က ဝန်ထမ်းတွေပါ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

စစ်အာဏာရှင် အလိုမရှိ၊ ဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမြန်ပြန်လွှတ်ပေး၊  စစ်ကောင်စီ အလိုမရှိ၊ ရုံးမတက်နဲ့ရုန်းထွက် စတာတွေကြွေကြော်တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြလူထုဟာ မြို့အတွင်းလှည့်လည်ခဲ့ကြပြီ မြို့မစျေးထိပ်မှာ ပြန်လည်စုရုံးခဲ့ကြကာ သံဃာတော်တွေ၊ ဆန္ဒပြရာမှာပါဝင်သူတချို့ ဟောပြောမှုတွေ ပြုလုပ်ခဲ့ကြပြီး အေးချမ်းစွာ လမ်းခွဲခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

10 months Ago
Up