​ဆေးမရှိ​​သေးသော​

A d v e r t i s e m e n t With Us

March 16, 2020

ကုရာနတ္ထိ​ ​ဆေးမရှိ​​သေးသော​ လူသိနည်းရောဂါ

“ကျနော် နေပြန်ကောင်းဖို့ အလားအလာမရှိဘူး…” ခဏတာရပ်ပြီး… “ဘာဖြစ်လို့လဲဆိုတော့ ဒီရောဂါက ဘယ်သူမှ အသက်မရှင်ဘူး။  ကောင်းဖို့က အဆုတ်တွေ ဘာတွေ အစားထိုးမှပဲရမယ်” လို့ အသက် ၂၅ နှစ်အရွယ် ကိုနိုင်ဇော်မင်းက မချိတင်ကဲ ပြုံးပြီး ပြောပြပါတယ်။ တကယ်တော့ ကိုနိုင်ဇော်မင်းဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတမျိုးကို ခံစားရနေရတာဖြစ်ပြီး ဒီရောဂါဟာ ကုသလို့မရတာ သိနှင့်နေပြီးသား ဖြစ်နေသူပါ။  ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အစ်ကိုဖြစ်သူကိုယ်တိုင်ကလည်း ဒီရောဂါကြောင့်ပဲ အရွယ်ကောင်းချိန်မှာပဲ လူ့လောကြီးကို စောစောစီးစီး စွန့်ခွာခဲ့ရတဲ့ အတွေအကြုံ ရှိနေခဲ့လို့ ဖြစ်ပါတယ်။  လက်ရှိမှာလည်း သူ စကားပြောနေချိန်မှာ နှာခေါင်းမှာ အောက်စီဂျင်ပိုက် တပ်ဆင်ထားပြီး စကားတခွန်းချင်းစီကို အချိန်ယူပြီး ညင်ညာစွာ ပြောပြနေရပါတယ်။ ပြီးခဲ့တဲ့ နှစ်ဆန်းလောက်ကမှ ဒီရောဂါ ဆိုးဆိုးဝါးဝါး ခံစားလာရပြီး ဖေဖော်ဝါရီလလယ်လောက်က လွိုင်ကော်ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံခဲ့ပါတယ်။ ဆေးရုံမှာ နှစ်ပတ်ကြာ ကုသမှုခံယူပြီးတဲ့နောက်မှာတော့ အောက်စီဂျင်ဘူးတွေနဲ့အတူ အိမ်ပြန်လာရသူဖြစ်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီအောက်စီဂျင်နဲ့မှသာ အသက်ရှူပြီး နေလို့ထိုင်လို့ အဆင်ပြေတာဖြစ်ပြီး အောက်စီဂျင် ဖြုတ်ထားရင် အသက်ရှူမရ ဖြစ်နေရတာပါ။ “တရက်ကို ကျနော် အောက်စီဂျင် ဘူးကြီးတဘူး ကုန်တယ်။ ဒါ ကျနော့်ဟာ တော်သေးတယ်။ ဟိုတယောက်ကဆိုရင် ကျနော့်လို ခံစားရတဲ့သူဆိုရင် တရက် နှစ်ဘူးကုန်တာ ရှိတယ်” လို့ ပြောပြပါတယ်။ ဒီအောက်စီဂျင်တဘူးဟာ လက်ရှိပေါက်ဈေး ၁၀၀၀၀ ကျပ်ဖြစ်ပြီး လွိုင်ကော်မြို့မှာရှိတဲ့ ဆိုင်ကနေ သူနေထိုင်ရာ ဒီးမော့ဆိုမြို့နယ် အောင်သပြေကျေးရွာ အိမ်အရောက် ဆိုရင်တော့ ၁၅၀၀၀ လောက် ကုန်ကျပါတယ်။ ကိုနိုင်ဇော်မင်းဟာ  အသက်​ရှူလမ်​ကြောင်းဆိုင်ရာ ​ရောဂါတမျိုး ခံစားနေရတာဖြစ်ပြီး သတ္တုဓာတ်​များစွာပါရှိ​တဲ့ အမှုန်​တွေကို ထိ​တွေ့ခဲ့ရပြီး သတ္တုအမှုန်​တွေကို နှစ်​​ပေါင်​းများစွာ ရှူရှိုက်​မိ​ခဲ့လို အခုလို ရောဂါဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒီရောဂါစဖြစ်တာကတော့ ကိုနိုင်ဇော်မင်းဟာ သူ့အသက် ၁၄ နှစ်လောက်ကတည်းက သူ နေထိုင်တဲ့ ဒီးမော့ဆိုမြို့နယ် အောင်သပြေရွာကနေ ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်းမှာ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ သတ္တုတွင်းမှာ ကျင်းလုပ်သားအဖြစ် လုပ်ကိုင်လာရင်းနဲ့ အသက် ၂၀ အရွယ်လောက်က စပြီး သတ္တုကျင်းတွေမှာ ဂန်းထိုးသမားအနေနဲ့ စတင်လုပ်ကိုင်လာခဲ့ပါတယ်။ သတ္တုတွင်း လုပ်သားတွေထဲမှာ ဂန်းထိုးသမားတွေက တခြားအလုပ်သမားတွေထက် ဝင်ငွေ ပိုရလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူထိုးလိုက်တဲ့ ဂန်းပေါက်တပေါက်ကို ကျပ်ငွေ ၂၀၀၀ ရရှိတဲ့အပြင် အဲဒီကထွက်လာတဲ့ ခဲသတ္တုတွေကိုလည်း အကြံအဖန်နေနဲ့ တူးယူရောင်းချကြရလို့ပဲ ဖြစ်ပါတယ်။ တရက် တရက် ရငွေက မတူညီပေမယ့် တခြားလုပ်သားတွေထက် ဝင်ငွေက ကောင်းတယ်လို့ ကိုနိုင်ဇော်မင်းက ပြောပါတယ်။ “ကျင်းပေါ်မှာ မူတည်တယ်။ တချို့ကျတော့ ခဲကြောင်း ကျဉ်းတယ်။ တချို့ကျတော့ ခဲကြောင်း ကျယ်တာပေါ့။  ခဲကြောကျယ်ရင်တော့ မနက်ဆိုရင် ဂန်းပေါက် ၂၀ လောက်၊ ညနေ ၂၀ ရတယ်။ အကြံအဖန်ကလည်း သူများထက်ပိုရတယ်။” ဒီလိုငွေရတာ လွယ်ကူနေပေမယ့် ကျန်းမာရေးအရ ထိခိုက်မှုက ပိုလွယ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂန်းထိုးတယ်ဆိုတာ ခဲကြောရှိတဲ့နေရာကို ဂန်းနဲ့ အပေါက်ဖောက်ရပါတယ်။ အချိန် ၁၀ ကျော်ရှိတဲ့ စက်ကို ရင်ဘတ်နဲ့ ကန်ပြီး ဖောက်ရတဲ့လုပ် ဖြစ်ပါတယ်။ အပေါက်ဖောက်တဲ့အချိန်မှာ ထွက်ရှိလာတဲ့ ခဲမှုန်တွေဟာလည်း ဘာမှမမြင်နိုင်အောက် မှိုင်းနေပြီး  အဲဒါကို ရှူရှိုက်မိပြီဆိုရင် အဆုတ်ထဲရောက်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ရလာတာပဲ ဖြစ်ပါတယ်။ ဂန်းထိုးတယ်ဆိုတဲ့နေရာမှာလည်း ရိုးရိုးလျှပ်စစ်ဂန်းနဲ့ လေဂန်း (air gun) ဆိုပြီး နှစ်မျိုးရှိပြီး လေဂန်းထိုးသူတွေ ပိုပြီး ကျန်းမာရေးထိခိုက်တာ မြန်တယ်လို့ ဆိုပါတယ်။ ဒီလုပ်ငန်းလုပ်လို့ ကျန်းမာရေးထိခိုက်မယ်မှန်း ကိုနိုင်ဇော်မင်းတယောက် သိပေမယ့် ဝင်ငွေကောင်းတဲ့ ရလဒ်ကြောင့် ဆက်လက်လုပ်ကိုင်နေခဲ့တာလို့ ပြောပါတယ်။ “ပိုက်ဆံရတာက ပိုရတာကို၊ လူတိုင်းက အဲဒီလောဘဆိုတာ ရှိတာကိုး။” ဂန်းထိုးသမားတွေအတွက် ကုမ္မဏီကဖြစ်စေ၊ လုပ်ငန်းရှင်ကဖြစ်စေ အကာအကွယ်အနေနဲ့ ဘာမှ လုပ်ဆောင်ပေးတာ မရှိပေမယ့် ကိုယ့်ဘာသာကို ကြံဖန်ကာကွယ်မှုတွေ လုပ်တယ်လို့ ပြောပါတယ်။ “အကာအကွယ်က သူတို့တော့ မပေးဘူး။ ကိုယ့်ဘာသာကိုယ်ပဲ နှာခေါင်းကို လက်နှစ်လုံးလောက် ဂွမ်းနဲ့ အုပ်ပြီးတော့ လုပ်ရတာပေါ့။ အဲတော့ နှာခေါင်းနဲ့ အသက်ရှူလို့ မရဘူး။ ပါးစပ်နဲ့ပဲ အသက်ရှူရတယ်။” သတ္တုတွင်းမှာ  ၈ နှစ်လောက် လုပ်ကိုင်လာခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်က ချောင်းဆိုး၊ ရင်ကျပ်၊ အသက်ရှူကပ်ပြီး ဆေးရုံသွားပြရာမှာ အဆုတ်ရောဂါဖြစ်ကြောင်း တီဘီဆေးလည်း သောက်ခဲ့ရတယ်လို့ ပြောပါတယ်။ အခု  နှစ်ဆန်းလောက်ကျမှ ဒီရောဂါ ဆိုးဆိုးဝါးဝါး ခံစားလာရပြီး ဖေဖော်ဝါရီလလယ်လောက်မှာ လွိုင်ကော်ပြည်သူ့ ဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံခဲ့ပါတယ်။ ဆေးရုံမှာ နှစ်ပတ်ကြာပြီး အောက်စီဂျင်ဘူးတွေနဲ့အတူ အိမ်ပြန်လာရသူဖြစ်လည်း ဖြစ်ပါတယ်။ သူ့လို အလားတူရောဂါမျိုး သူ့ရွာအပါအဝင် ဒီးမော့ဆိုမြို့နယ်က ကျေးရွာတွေက လူတွေ တော်တော်များများလည်း ခံစားနေရပါတယ်။ သူ ဆေးရုံတက်နေတဲ့အချိန်မှာလည်း အလားတူ ရောဂါနဲ့ ဆေးရုံမှာ နှစ်ယောက်၊ သုံးယောက် တွေ့ခဲ့ရတယ်လို့ ပြောပြပါတယ်။ ဒီးမော့ဆိုမြို့နယ် အောင်သပြေကျေးရွာအပါအဝင် အနီးအနားက ကျေးရွာတွေက အမျိုးသားအများစုက မော်ချီးသတ္တုတွင်းမှာ သွားရောက်အလုပ်လုပ်ကြပါတယ်။ ဒီလိုလုပ်ငန်းကို လုပ်ကိုင်သူအများစုလည်း အလားတူ ရောဂါလက္ခဏာနဲ့ အရွယ်ကောင်းချိန်မှာ လူ့လောကကို စွန့်ခွာသွားကြပြီး သူတို့ရဲ့မိသားစုတွေ၊ အမျိုးသမီး၊ သားသမီးတွေကို ထားခဲ့ကြရပါတယ်။ အောင်သပြေကျေးရွာမှာဆိုရင် အိမ်ခြေ ၁၀၀ နီးပါး ရှိတဲ့အထဲက ၄၀ လောက်မှာ မုဆိုးမတွေ ဖြစ်ပါတယ်။ အကြောင်းအရင်းမှာ ၂၀၁၂ ခုလောက်ကစပြီး မော်ချီးသတ္တုတွင်းမှာ လုပ်ငန်းကောင်း၊ ဝင်ငွေကောင်းလို့ ရွာရှိအမျိုးသား အများစုလည်း အဲဒီမှာ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြပါတယ်။ အဲဒီမှာ နှစ်ပိုင်း အလုပ်လုပ်ကိုင်ကြပြီးတဲ့နောက် မိသားစုတွေကို စွန့်ခွာကြရတာ များတယ်လို့ အောင်သပြေရွာ ရဲ အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက ပြောပါတယ်။ “ကျနော်တို့ ၂၀၁၂-၁၃ တုန်းက မော်ချီးက ကောင်းတယ်၊ တရက်ကို လေး ငါး ခြောက်ထောင် ရတယ်ဆိုတာ အဲဒီမှာတက်သွားပြီးတော့ လုပ်ကြတာလေ။ အရွယ်ကောင်းတွေချည်းပဲ။ အသက် ၂၀ ကျော်၊ ၃၀ အဲလိုမျိုးပေါ့။ ဘယ်လိုပြောရမလဲ အိမ်ထောင်ကျပြီးတော့ ကလေးတယောက်၊ နှစ်ယောက်နဲ့ ရပြီးတော့ သွားတာပေါ့။ အဲမှာ သတ္တုတွင်းလုပ်ရင်းနဲ့ ရောဂါတွေ ရတာပေါ့။ သူ့တို့အထဲက အဆုတ်ပေါ့၊ အခုလည်း တယောက် နှစ်ယောက် ကျန်သေးတယ်။ တော်တော်များတယ်။ မုဆိုးမတဝက် လင်စုံတဝက်  အဲသဘောမျိုးကို ဖြစ်သွားတာ။” ဒီအောင်သပြေရွာက မုဆိုးမတွေထဲက အသက် ၂၈ နှစ်အရွယ် မမာလာကတော့ လွန်ခဲ့တဲ့လပိုင်းကပဲ သူ့အမျိုးသားက ဂန်းထိုးပြီးနောက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ သေဆုံးသွားခဲ့ရပါတယ်။ သူ့အမျိုးသားဟာ သူနဲ့ အိမ်ထောင်မကျခင်ကတည်းက  မော်ချီးဒေသမှာ သတ္တုကျင်းတွေမှာပဲ အလုပ်လုပ်ခဲ့ပါတယ်။ အိမ်ထောင်ကျပြီး သမီးကြီး ရလာတဲ့အချိန်မှာတော့ ချောင်းဆိုး၊ ရင်ကျပ်တဲ့ လက္ခဏာတွေ ပြလို့နေမကာင်းဖြစ်လာတဲ့အတွက် ဆေးခန်းနေရာအနှံ့ သွားပြခဲ့ပါတယ်လို့ မမာလာက ပြောပါတယ်။ “သူက နေရာအနှံ့ သွားပြတယ်။ ဆေးခန်းတွေ၊ နေပြည်တော်လည်း သွားတယ်၊ ရန်ကုန်လည်း သွားတယ်။ ဒါပေမဲ့ အဲလိုမျိုး တီဘီလက္ခဏာဆိုပြီး ပြန်လာရတယ်။ ရန်ကုန်နဲ့ နေပြည်တော်သွားတာ။ ဆေးစစ်တာ ဘာညာက တီဘီပဲ ပြောတယ်။  နောက်ဆုံး တောင်ကြီးက ဆေးရုံမှာ အဆုတ်မှာ ခဲအမှုန်ကပ်တာလို့ ပြောတယ်။ တခြားဆေးရုံကကျတော့ တီဘီ ပြောတယ်။ တီဘီကျတော့ သူ့ရဲ့သွေးစစ်တာမှာလည်း မတွေ့ဘူး၊ အဆုတ်ကိုကြည့်တော့ ချောင်းဆိုးပဲ ဆိုတော့ တီဘီလို့ပဲ ပြောတာပေါ့။” လက်ရှိမှာတော့ မမာလာဟာ သူ့မှာ သားသမီး နှစ်ဦးနဲ့  ကျန်ရစ်ခဲ့ပြီး သူ့သားငယ်လေးကတော့ သူ့ဖခင် ဆုံးပြီး မသင်္ဂြိုဟ်ခင်မှာ မွေးဖွားလာခဲ့တာလို့ ပြောပါတယ်။ “သူဆေးရုံမှာ လဲနေတဲ့အချိန် ကျမက ကိုယ်ဝန်ကြီးနဲ့၊ သူ့ဆီသွားတာ သူကတော့ မလာနဲ့ပဲ ပြောတာပေါ့။ သူက အရင်လွိုင်ကော်ဆေးရုံမှာ တက်တော့ တီဘီဆိုပြီး သတ်သတ်ခွဲထားတာ။ ရက် ၂၀ ကြာတယ်။ နောက် သူက ရန်ကုန်သွားမယ်တဲ့။ ရန်ကုန်မှာ ၁၀ ရက်ပဲ ကြာတယ်။ ရန်ကုန်ဆေးရုံမှာ သူ သက်သာတယ်။ သူ ဆင်းမယ်တဲ့။ အဲဒီအချိန်မှာ သူ လမ်းမလျှောက်နိုင်တော့ဘူးလေ။  နောက် လေဘူးကလည်း ရှူရတယ်လေ။ သူကလည်း ကောင်းတယ်ချည်းပဲ ပြောတာ။ ကိုယ်ကလည်း မမြင်ရဘူးကော၊ ဖုန်းနဲ့ပဲလှမ်းပြောတာဆိုတော့ နောက်တော့ ညမှာ သူ့အမေက ဖုန်းဆက်လာတယ်၊ မသက်သာဘူးတဲ့။ ပြန်ခေါ်ဖို့လုပ်တော့ သူ ဆုံးသွားပြီတဲ့။ ” ယောကျ်ားဖြစ်သူ ဆုံးလို့ ကိုယ်ဝန်အရင့်အမာနဲ့ လိုက်သွားခဲ့ပါတယ်။ သူတို့မိဘရဲ ထုံးစံအရာ သေဆုံးသွားသူကို ၅ ရက်ထားပြီးမှာ သင်္ဂြိုဟ်ရတဲ့ထုံးစံ ရှိပါတယ်။ ယောကျ်ားဖြစ်သူရဲ့ နာရေး ၃ ရက်မြောက်နေ့မှာပဲ  သားငယ်လေးကို မွေးဖွားခဲ့တာလို့လည်း မမာလာက ပြောပါတယ်။ ဒီလိုအချိန်မှာ ခံစားချက်က ပြောပြမတ်အောင် ခံစားခဲ့ရတယ်လို့ မမာလာက ပြောပါတယ်။ အခုဆိုရင်တော့ သားဖြစ်သူ ၃ လထဲ ရောက်နေပါပြီ ဒါပေမဲ့ ခိုကိုးရာမဲ့တဲ့ သူ့ဘဝအတွက် မိဘကိုသာ အားကိုးနေရပါတယ်။ “အခုချိန်မှာတော့ ကလေး ငယ်သေးတော့ ဘာမှ မလုပ်တတ်သေးဘူး။ အမေတို့ကပဲ ကူညီပေးတာပေါ့။ ကလေး ကြီးလာမှပဲ အလုပ်လုပ်မယ်လေ။ ” တကယ်တော့ မမာလာရဲ့အမျိုးသားမှာ ဒီလုပ်ငန်းလုပ်လို့ ကျန်းမာရေးထိခိုက်မယ်ဆိုတာ သိနေပေမယ့် မိသားစုကို အလုပ်အကျွေးပြုစုလိုတဲ့ ဆန္ဒကြောင့် ဆက်လုပ်နေခဲ့တာလို့ ပြောပါတယ်။ သူ့အမျိုးသားရဲ့လုပ်အားနဲ့ စုဆောင်းပြီး အိမ်လေးလုံး ဆောက်နိုင်ခဲ့ပေမယ့် သူ့ကျန်းမာရေးမကောင်းချိန် ပြန်လည်ကုသရတာကြောင့်  အဲဒီအိမ်ကိုပါ ပြန်လည်ရောင်းချခဲ့ရတဲ့အပြင် အကြွေးတွေပါ တင်နေရသေးတယ်လို့ ဝမ်းနည်းစွာ ပြောပြခဲ့ပါတယ်။ ဒေါ်မိလည်ရဲ့ အမျိုးသားဟာလည်း လွန်ခဲ့တဲ့ ၃ နှစ်က ဒီလိုအလားတူရောဂါနဲ့ သေဆုံးသွားခဲ့ပါတယ်။ သားသမီးတွေနဲ့အတူ ရုန်းကန်ခဲ့ရလို့ လွန်ခဲ့တဲ့နှစ်က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကနေတဆင့် WORLD VISION ကနေပြီး သူ့ကို အကူအညီတချို့ ပေးခဲ့တယ်လို့ ပြောပါတယ်။ “ကျမတို့ မုဆိုးမတွေကို ဒီလိုပဲ လာမေးရင်းနဲ့ ခက်ခဲတယ်ဆိုတော့ ဒီအိမ်ကို ဓာတ်ပုံရိုက်သွား၊ ကျမတို့အခြေအနေတွေကို ကြည့်ပြီး သူတို့က ထောက်ပံ့တယ်။ ၆ လ ထောက်ပံ့တယ်။ ဆန်ရယ်၊ ဆီရယ်၊ တိရစ္ဆာန်တွေ မမွေးနိုင်ဘူးဆိုရင် ဝယ်ပေးတယ်။ အခု ၆ လပြည့်တော့ မရတော့ဘူး။ နောက်ထပ်လည်း ထောက်ပံ့ဖို့ သူတို့ တင်ထားတယ်တဲ့။ နောက် ၁၅ အိမ်လောက် ကျမယ်လို့ပြောတယ်။ ကျမတို့ကတော့ ပထမဆုံးနဲ့ ၅ အိမ်ကျတယ်။” မော်ချီးဒေသဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်အထိ တိုင်းရင်းသား လက်နက်ကိုင်နဲ့ မြန်မာ့တပ်မတော်အကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲပဋိပက္ခတွေကြောင့် အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဒေသတခု ဖြစ်ခဲ့ပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ အစိုးရစစ်တပ်ကြား အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးနောက်ပိုင်း စီးပွားရေးအခွင့်အလမ်း ပိုမိုပေါများလာချိန်မှာတော့ မော်ချီးဒေသကို ကယားပြည်နယ်အတွင်းက ဒေသခံတွေ အပါအဝင် တခြား အနယ်နယ် အရပ်ရပ်က လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ပိုမိုဝင်ရောက်လာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ကစပြီး လေဂန်းစတင်ပေါ်ပြီး ဒီလေဂန်းနဲ့ အလုပ်လုပ်နေရသူ အတော်များများလည်း အသက်ဆုံးရှုံးရပြီး မုဆိုးမ ဖြစ်လာမှုကလည်း တနေ့ထက်တနေ့ ပိုမိုများပြားလာနေရပါတယ်။ ဒီလို အသက်ဆုံးရှုံးရတာကလည်း အဆိုပါ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဟာ  သက်သာအောင် လုပ်ပေးတာကလွဲရင် ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးမရှိသေးဘူးလို့  လူနာတွေကို ကုသပေးနေရတဲ့ လွိုင်ကော်မြို့က အထွေထွေဆရာဝန် ဒေါက်တာပြည့်ဖြိုးကျော်က ပြောပါတယ်။ “အဆုတ်မှာ  ခဲမှ မဟုတ်ပါဘူး။ အမှုန်အမွှားလေးတွေပေါ့နော်၊ ကျောက်အမှုန်လည်း ဖြစ်နိုင်တယ်၊ သတ္တုအမှုန်လည်း ဖြစ်နိုင်တယ်။ အဲဒါတွေက အဆုတ်မှာ သွားပြီးတော့ ကပ်ငြိကုန်တာလေ။ အဲဒီကပ်ငြိတာလေးတွေက တနှစ်၊ နှစ်နှစ်ဆိုရင် ပြဿနာမရှိသေးဘူးပေါ့ နော်။ နှစ်ပေါင်းများစွာ ကြာလာပြီဆိုရင် တော်တော်ကို ဆိုးဝါးတယ်ပေါ့နော်။ စဖြစ်ဖြစ်ချင်းမှာပဲ ရပ်လိုက်မယ် ဆိုရင်တော့ သူက သက်တမ်း ကြာကြာလေးတော့ နေရသေးတယ်ပေါ့။ ဓာတ်မှန်ရိုက်တဲ့အချိန်မှာ တကယ့်ဆိုးဆိုးဝါးဝါး ဖြစ်နေပြီဆိုရင်တော့ သူကတော့ အသက်ကတော့ ကျိန်းသေပေါက် မရှည်တော့ဘူး။ ဒီနှစ်နှစ်၊ သုံးနှစ်လောက်မှာပဲ သူက လုံးပါးပါးပြီးတော့မှ သေတာပါ။ ကုလို့မရဘူးဆိုတာ သူက အဆုတ်က ပျက်စီးကုန်လို့၊ အဆုတ်မှာ ဖုန်တွေနဲ့ အနည်ထိုင်သွားတဲ့ဟာတွေကို ဖယ်ရှားတဲ့ နည်းစနစ်က အခုချိန်ထိ မရှိသေးဘူးလေ။ ပိုးသတ်ဆေးပေးလည်း မရဘူးလေ။ တီဘီတို့ ဘာတို့ဆိုရင် ဘယ်လောက်ပဲ ပြင်းပြင်း ပိုးကြောင့်ဖြစ်တာဆိုတော့ ပိုးကို သေအောင်လုပ်လိုက်ရင် ပြန်ကောင်းတယ်လေ။” ဒီရောဂါကို နျူမိုကိုနီယိုးစစ်လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတမျိုး ဖြစ်တယ်လို့လည်း ဒေါက်တာ ဖြည့်ဖြိုးကျော်က ပြောပါတယ်။ အခုနှစ်ပိုင်းတွေမှာ ကယားပြည်နယ် ဖားဆောင်းမြို့နယ်အတွင်းရှိ မော်ချီးမိုင်းဒေသမှာ ဒီလိုရောဂါဖြစ်ပွားတဲ့  လူနာများကို ခပ်စိတ်စိတ် တွေ့ရှိလာရတယ်လို့ ပြောပါတယ်။ “ဗမာပြည်ထဲမှာဆိုရင် ဒီဟာတွေကို ဓာတ်မှန်ရိုက်လိုက်လို့ရှိရင် နျူမိုကိုနီယိုးစစ်လို့ သူတို့ခေါင်းထဲမှာ မတွေ့ဘူး။ တီဘီနဲ့တူတော့ တီဘီဆေးတွေပဲ သောက်ခိုင်းတာပေါ့။ ကျနော်တို့ ပြည်နယ်မှာကျတော့ ဒီဟာကြီးကလည်း ရှိနေတယ်။ အလုပ်အကိုင်လေး မေးလိုက်လို့ မော်ချီးလို့ ပြောလိုက်တာနဲ့ ဒါကို ခေါင်းထဲထည့်တယ်။ ဓာတ်မှန်ရိုက်တဲ့ အချိန်မှာလည်း တွေ့ရဖန်များတော့ သေချာပြီဆိုတာနဲ့ အဲဒီရောဂါအမည် ပေးလိုက်တာပေါ့နော်။ အဓိကကတော့ အလုပ်လုပ်တဲ့ အလုပ်နေရာရယ်၊ ဓာတ်မှန်အဖြေရယ်၊ ခံစားနေရတဲ့ ရောဂါလက္ခဏာရယ် ပေါင်းစပ်ကြည့်လိုက်ရင် ဒီရောဂါရဲ့ အဖြေဖြစ်သွာတာပဲပေါ့။” ဒီရောဂါဟာ အဖြစ်နည်း၊ လူသိနည်းပြီး တခြားရောဂါတွေလို ကူးစက်တတ်တဲ့ရောဂါ မဟုတ်ပေမယ့် ဒီရောဂါဖြစ်ပြီးဆိုရင် ကြောက်စရာကောင်းတဲ့ ကုရာနတ္ထိ ဆေးမရှိတဲ့ ရောဂါတမျိုး ဖြစ်ကြောင်းလည်း မှတ်ချက်ပေးထားပါတယ်။ ကယားပြည်နယ်မှာ ၂၀၁၇ ခုနှစ်လောက်ကစပြီး ဒီလို အလားတူရောဂါလက္ခဏာနဲ့ ဆေးရုံလာပြသူတွေ ပိုမိုများလာပြီး တနှစ်ကို ၁၀၀ ကျော် လောက်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရောဂါလာပြသူအများစုဟာ ရွှေ့ပြောင်းလုပ်သားတွေ များတဲ့အတွက် လာပြသူရဲ့ လက်ရှိ စာရင်းဝင်တာကတော့ နယ်ခံတွေလောက်သာရှိပြီး တခြား မမြင်ရတဲ့ ပမာဏက ပိုများတယ်လို့လည်း ပြောပါတယ်။ “အနည်းဆုံး တနှစ်ကို ကျနော့်ဆီမှာ ဒီလက္ခဏာမျိုး၊ ဒါတောင် ဆေးခန်းသေးသေးလေးပဲ ရှိတာ။ ၁၀ ယောက်လောက်ကတော့ ကျနော် တွေ့တယ်ဗျာ။ ရက်ချိန်းလေးပဲ ပေးတယ်။ ကြာလာရင် သူတို့က မလာတော့ဘူး။ ရောဂါလည်း မပျောက်ဘူး၊ သက်သာရုံလောက်ပဲ ရှိတယ်။ နောက်ပိုင်းကျရင် မလာတော့ဘူး၊ သေလား ရှင်လားလည်း မသိရဘူးပေါ့။” ဒီလိုလုပ်ငန်းလုပ်ရာမှာ အလုပ်ရှင်ဘက်ကလည်း သတ်မှတ်ထားတဲ့ လုပ်ငန်းပုံဝတ်စုံကို အပြည့်အစုံ ဖန်တီးပြီးမှပဲ အလုပ်ကို ဝင်ခိုင်းသင့်ကြောင်းနဲ့၊ အလုပ်ရှင်ဘက်ကလည်း ဒီလုပ်ငန်းလုပ်ရင် ဒီလိုရောဂါဖြစ်နိုင်တယ်ဆိုတာ ပြောပြသင့်ကြောင်းလည်း ဒေါက်တာပြည့်ဖြိုးကျော်က အကြံပြုထားပါတယ်။ မြန်မာနိုင်ငံရဲ့ ခဲသတ္တုတွင်းထွက် အများဆုံး ထွက်ရှိတဲ့နေရာတွေထဲက တခုဖြစ်တဲ့ ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်က မော်ချီးဒေသဟာ ရှေ့အခါက တိုင်းရင်းသားတွေဟာ သတ္တုတွေကို တပိုင်တနိုင်တူး ဖော်လုပ်ကိုင်ခဲ့ကြပါတယ်။ ၁၉၀၉ ခုနှစ်ကစပြီး အင်္ဂလိပ်နယ်ချဲ့ကိုလိုနီခေတ်မှာ ကုမ္ပဏီအနေနဲ့ စတင်တူးဖော်လာခဲ့ကြရာ ဒုတိယ အင်္ဂလန်လို့ တင်စားခြင်းကို ခံခဲ့ရပြီး ဒီနေ့အထိလည်း သတ္တုတူးဖော်တဲ့လုပ်ငန်းကို ကုမ္ပဏီတွေ၊ ဒေသခံတွေအပြင် မြန်မာနိုင်ငံအရပ်ရပ်ကနေ ရွှေ့ပြောင်းအလုပ်သမားများစွာလည်း လာရောက် အလုပ်လုပ်ကိုင်တဲ့နေရာ ဖြစ်ပါတယ်။
12 months Ago
Up