ရှုံးပွဲမရှိ သုံးကြိမ်ဆက်အောင်ပွဲခံခဲ့သည့် တိုက်ကြက်ကို ဘတ်ငွေ ၁ သန်းဖြင့် စံချိန်တင်ရောင်းချ

May 25, 2017

ရှုံးပွဲမရှိ သုံးကြိမ်ဆက်အောင်ပွဲခံခဲ့သည့် တိုက်ကြက်ကို ဘတ်ငွေ ၁ သန်းဖြင့် စံချိန်တင်ရောင်းချ

ထိုင်းနိုင်ငံမှ အသက် ၁၆ လသားအရွယ်ရှိတဲ့ တိုက်ကြက်တကောင်ကို ဘတ်ငွေ ၁ သန်းနဲ့ ရောင်းချနိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ မေလ ၂၄ ရက်နေ့က ဖော်ပြပါတယ်။ ဒီကြက်ဟာ ထိုင်း-မြန်မာစပ်မျိုး တိုက်ကြက်အမျိုးအစားဖြစ်ပြီး ဆမ်အမ်တိုက်ကြက်မွေးမြူရေးခြံမှဖြစ်ကာ ၃ ကြိမ်ဆက်တိုက် ရှုံးပွဲမရှိ အောင်ပွဲခံအပြီးမှာ ခုလို စံချိန်တင်ဈေးနှုန်းနဲ့ ရောင်းချနိုင်ခဲ့တာလို့ ဆိုပါတယ်။ မွေးမြူရေးခြံပိုင်ရှင်ဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် ချာနရောင် ချူအန်ဂျစ်က ဒီတိုက်ကြက်ကို ကနဦးကာလတုန်းက ဈေးနှုန်း ဘတ်ငွေ ၅ သိန်းနဲ့ ရောင်းချဖို့ စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ခုလို ရှုံးပွဲမရှိ ၃ ကြိမ်ဆက်တိုက် အနိုင်တိုက်နိုင်ခဲ့ပြီးမှ ဘတ်ငွေ ၁ သန်းနဲ့ ရောင်းချနိုင်ခဲ့တာလို့ ဆိုပါတယ်။ ဒီတိုက်ကြက်ရဲ့ အလေးချိန်ဟာ ၂ ဒသမ ၆ ကီလိုဂရမ်ရှိပြီး သူ့ရဲ့အသက် တနှစ်သားမပြည့်ခင်တည်းက ဘတ်ငွေ ၈ သောင်းနဲ့ ဝယ်ယူခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ကို ဘတ် ၁ သန်းပေး ဝယ်ယူခဲ့သူကတော့ အသက် ၃၀ အရွယ် ဆက်က်ဆန် နန်တာ ဖြစ်ပြီး သူဟာ တိုက်ကြက်ရဲ့ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်တိုက်တဲ့ ပွဲစဉ် ၂ ခုလုံးကို ကြည့်ရှုခဲ့ပြီး သဘောကျခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဒုတိယအချီမှာ အချိန် ၁၆ မိနစ်အတွင်း ပြိုင်ဘက်ကို အနိုင်တိုက်နိုင်ခဲ့ကတည်းက ဒီကြက်ကို ဝယ်ယူဖြစ်ဖို့ သေချာခဲ့တယ်လို့ ဆိုပါတယ်။
4 years Ago
Up