ရှုံးနိမ့်သော်လည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်သည့် အက်သလက်တီကို မက်ဒရစ်

May 4, 2016

ရှုံးနိမ့်သော်လည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်သည့် အက်သလက်တီကို မက်ဒရစ် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ မေလ ၃ ရက်ညက ယှဉ်ပြိုင်ရာ ဘိုင်ယန်မြူးနစ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ ဘိုင်ယန်မြူးနစ် အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုးစီ သရေကျခဲ့ပေမယ့် အိမ်ကွင်းမှာ ၁ ဂိုးအသွင်းခံခဲ့ရတာကြောင့် အဝေးဂိုးစည်းမျဉ်းနဲ့ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်ခွင့် လွဲချော်ခဲ့ရတာပါ။ ပွဲချိန် မိနစ် ၃၀ မှာ ဘိုင်ယန်ကွင်းလယ်လူ ဇာဗီအလွန်ဆို ပြစ်ဒဏ်ဘောကန်သွင်းရာ တီကိုနောက်ခံလူနဲ့ထိပြီး ဂိုးဝင်သွားခဲ့တာကြောင့် ဘိုင်ယန် အဖွင့်ဂိုး ရခဲ့ပါတယ်။ ပွဲချိန် ၃၄ မိနစ်မှာ ဘိုင်ယန်မြူးနစ် ပယ်နယ်တီကန်ခွင့်ရခဲ့တာကို တိုက်စစ်မှူး သောမတ်စ်မူလာ ကန်သွင်းခဲ့ပေမယ့် တီကိုဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘောလုံးပိုင်ဆိုင်ခွင့် ၇၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ဂိုးကန်သွင်းခွင့်မှာလည်း အပြတ်အသတ် အသာစီးရယူနိုင်ခဲ့ပေမယ့် တီကိုဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့ လိုအပ်တဲ့ အနိုင်ဂိုးမရနိုင်ဘဲ ဖြစ်ခဲ့တာပါ။ ပွဲချိန် ၅၄ မိနစ်မှာတော့ တိုက်စစ်မှူး တောရက်စ် ဖန်တီးပေးမှုကတဆင့် ဂရိဇ်မန်းက တီကိုအတွက် ချေပဂိုး တဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ဘိုင်ယန်မြူးနစ်တို့ တောက်လျှောက် ဖိကစားနိုင်ခဲ့ပြီး ၇၄ မိနစ်မှာ ကွင်းလယ်ကစားသမား ဗီဒယ်လ် ခေါင်းတိုက်ချပေးတာကို တိုက်စစ်မှူး လီဝန်ဒေါစကီး ထပ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့လို့ ဘိုင်ယန်မြူးနစ် ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပါတယ်။ ၈၄ မိနစ်မှာ အက်သလက်တီကို ပယ်နယ်တီပြစ်ဒဏ်ဘော ရရှိခဲ့ပြီး တိုက်စစ်မှူး တောရက်စ် ကန်သွင်းခဲ့ပေမယ့် ဘိုင်ယန်ဂိုးသမား နူအာ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီ့နောက် တဘက်နဲ့တဘက် ဂိုးထပ်မသွင်းနိုင်တော့ဘဲ ပွဲအပြီးမှာ ဘိုင်ယန်မြူးနစ် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပေမယ့် အဝေးဂိုးစည်းမျဉ်းကြောင့် အက်သလက်တီကို မက်ဒရစ် ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။
6 years Ago
Up