ရုံးချိန်း

July 5, 2019

တောင်ဒဂုံနေအိမ်ကို ဗလီဟုတ်မဟုတ် စစ်ဆေးပေးရန် မိုက်ကယ်ကျော်မြင့် လျောက်လဲချက်တင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ၂၆ ရပ်ကွက်က နေအိမ်အဆောက်အဦဟာ ဗလီ ဟုတ်မဟုတ်  သွားရောက်စစ်ဆေးပေးဖို့ ဖမ်းဆီးတရားစွဲခံနေရတဲ့ မိုက်ကယ်ကျော်မြင့်က တရားရုံးမှာ ဒီကနေ့ လျောက်လဲချက်တင်ခဲ့ပါတယ်။ တောင်ဒဂုံရှိ မွတ်စလင် ဘာသာဝင်တွေရဲ့ ယာယီဝတ်ပြုနေရာကို သွားရောက် တားဆီးရာမှာ ပါဝင်ခဲ့တဲ့ မိုက်ကယ်ကျော်မြင့်နဲ့ ဦးသီဟမျိုးနိုင်တို့ကို ဇူလိုင် ၅ ရက်က တောင်ဒဂုံမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ရုံးထုတ်ရာမှာ ပြီးခဲ့တဲ့အပတ်က တရားလို မြို့နယ်အုပ်ချုပ်ရေးမှူးထွက်ဆိုခဲ့တဲ့ တောင်ဒဂုံ ၂၆ ရပ်ကွက်က နေအိမ်ဟာ ဗလီမဟုတ်ကြောင်းထွက်ဆိုချက်ကို အခုအပတ်ရုံးချိန်းမှာ မိုက်ကယ်ကျော်မြင့်က အဲဒီအိမ်ဟာ ဗလီပုံစံဟုတ်မဟုတ်ကို သွားရောက်စစ်ဆေးပေးဖို့ လျောက်လဲချက်တင်ခဲ့တာပါ။ ဒီလျောက်လဲချက်နဲ့ပတ်သက်ပြီး တရားရုံးက နောက်အပတ်ရုံးချိန်းမှာ အမိန့်ချမှတ်မှာလည်း ဖြစ်ပါတယ်။ မိုက်ကယ်ကျော်မြင့်နဲ့ ဦးသီဟမျိုးနိုင်တို့ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့ အမှုဖွင့် စစ်ဆေးနေတာလည်းဖြစ်ပါတယ်။ သတင်း-ချမ်းမြေ့မောင်
2 years Ago

January 11, 2019

ဦးကိုနီအမှု ရုံးချိန်း အကြိမ် ၁၀၀ ပြည့်၊ တရားခံပြသက်သေ ၃ ဦးစစ်ဆေးရန်ကျန်နေသေး

တရားလွှတ်တော်ရှေ့နေ ဦးကိုနီအသတ်ခံရတဲ့အမှုမှာ တရားခံပြသက်သေ ၃ ယောက်သာ စစ်ဆေးဖို့ကျန်တော့တာကြောင့် ဒီလထဲမှာ အမှုပြီးပြတ်သွားနိုင်တယ်လို့ တရားလိုရှေ့နေ ကပြောပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး မြောက်ပိုင်းခရိုင်တရားရုံးမှာ ခုံရုံးဖွဲ့စစ်ဆေးနေတာ ဇန်နဝါရီလ ၁၁ရက်နေ့က အကြိမ် ၁၀၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီကနေ့ ရုံးချိန်းမှာ ဇေယျာဖြိုးနဲ့ ပတ်သက်ပြီး တရားခံပြသက်သေ ၃ ဦးကိုစစ်ဆေးနိုင်ဖို့ ချိန်းဆိုထားပေမယ့် မလာတာကြောင့် ရုံးတော်က စစ်ဆေးနိုင်ခဲ့ခြင်း မရှိဘဲ တရားခံပြသက်သေ စာရင်းကနေ   ပယ်ဖျက်ပေးခဲ့ပါတယ်။ ဒီအမှုမှာတရားလို သက်သေအယောက် ၈၀ကိုတင်ပြခဲ့ပြီး ၇၂ ကို စစ်ဆေးခဲ့ပြီးဖြစ်သလို စွဲချက်တင်ခံရသူတွေဘက်ကနေ တရားခံပြသက်သေ ၇၂ ယောက်ကို စစ်ဆေးနိုင်ဖို့တင်ပြထား ပြီး ထပ်မံစစ်ဆေးဖို့ တရားခံပြသက်သေ ၃ ဦးသာကျန်တော့တာကြောင့် ဒီလထဲမှာ အမှု ပြီးပြတ်သွားနိုင်တယ်လို့ တရားလို ရှေ့နေ ဦးခင်မောင်ဋ္ဌေးကပြောပါတယ်။ ၂၀၁၇ ဇန်နဝါရီလ ၂၉ ရက် ညနေ ၅ နာရီက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ  တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်သမားကြည်လင်းက အနီးကပ် သေနတ်နဲ့ ပစ်ပြီးလုပ်ကြံခဲ့တာဖြစ်ပါတယ်။ အဲဒီအမှုကို မြောက်ပိုင်းခရိုင်တရားရုံးက ခုံရုံးဖွဲ့ပြီး တပတ်ကို ၂ ကြိမ် ရုံးထုတ်စစ်ဆေးနေတာပါ။ ဒီအမှုမှာစွဲချက်တင်ခံထားရတဲ့  ဇေယျာဖြိုးကတော့ ဒီအမှုမှာ သူပါဝင်ပတ်သက် ခြင်းမရှိဘူးလို့ ရုံးထုတ်အပြန်မှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒီအမှုမှာ အဓိကတရားခံလို့ စွပ်စွဲခံထားရတဲ့ ကိုအောင်ဝင်းခိုင်ကိုလည်း  အခုချိန်ထိ မဖမ်းမိသေးပါဘူး။ ဒီအမှု တရားခွင်ဟာ ၂ နှစ်တာကာလကြာရှည်ခဲ့ပြီး တရားခံပြသက်သေ ၃ ဦး စစ်ဆေးပီးရင်တော့ နှစ်ဖက်ကြားနားပြီး အမှုကို စီရင်ချက်ချဖွယ်ရှိနေပါတယ်။
2 years Ago
Up