ရုရှား

May 26, 2018

ရုရှားမှဂျာမနီကို သွယ်တန်းမည့် ဓာတ်ငွေ့ပိုက်လိုင်း တူးဖော်ရေးလုပ်ငန်းများ စတင်

ရုရှားက ဂျာမနီကို သွယ်တန်းမယ့် ဓာတ်ငွေ့ပိုက်လိုင်း Nord Stream 2 အတွက် ဘောလ်တစ်ကမ်းရိုးတန်းမှာ တူးဖော်ရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ်က စတင်လုပ်ဆောင်ခဲ့ပါတယ်။ ရုရှားကုမ္ပဏီတခုနဲ့ ဥရောပကုမ္ပဏီ ၅ ခုတို့က အကောင်အထည်ဖော်ဆောင်ရွက်တဲ့ အခုဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းသစ်ဟာ ဂျာမနီဆီ ရုရှားရဲ့ ဓာတ်ငွေ့တင်ပို့ရောင်းချမှုကို နှစ်ဆ ( ၅၅ ဘီလီယံ ကျူ့ဘစ်မီတာ) အထိ မြင့်တက်လာစေမှာဖြစ်ပါတယ်။ ဘောလ်တစ်ဒေသနဲ့ အရှေ့ဥရောပ နိုင်ငံကတော့ ရုရှားဓာတ်ငွေ့အပေါ် ဥရောပက မှီခိုအားထားနေရသလို ဖြစ်မှာနဲ့ ယူကရိန်းနဲ့ ဓာတ်ငွေ့ကုန်သွယ်မှု လမ်းကြောင်းတွေကို ထိခိုက်စေမှာ စိုးရိမ်နေပါတယ်။ အမေရိကန်ကလည်း အခုစီမံကိန်းကို ကန့်ကွက်ထားပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အေဂျင်စီတွေကလည်း အဏ္ဏ၀ါသဘာဝ ပတ်ဝန်းကျင်ထိခိုက်မှာကို စိုးရိမ်နေကြပါတယ်။ “ဓာတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်မှုက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုရှိနိုင်ပါတယ်။ ဒါကို ကျနော်တို့ ကောင်းကောင်းနားလည်ပြီး အစပိုင်းကတည်းက ကျနော်တို့ရဲ့ နည်းပညာပိုင်းတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုရှိအောင် လုပ်နေပါတယ်” လို့ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းရဲ့ ပြောခွင့်ရက ပြောခဲ့တာပါ။ “ဒီစီမံကိန်းဟာ ပင်လယ်ထဲက ထိန်းသိမ်းစောင့်ရှောက်ခံ နယ်နိမိတ်တွေကို ဖြတ်သွားမှာပါ။ ကီလိုမီတာ ၅၀ လောက် ရှိပါတယ်။ ၈၀ ကီလိုမီတာအကျယ်လောက် တူးဖော်ခံရမှာဖြစ်လို့ ပင်လယ်ကြမ်းပြင်နဲ့ အဲဒီမှာရှိနေတဲ့ အပင်နဲ့သတ္တ၀ါတွေအားလုံး ပျက်စီးသလောက်ဖြစ်သွားမှာပါ။ ဒါက စိုးရိမ်စရာပါ။ ခန့်မှန်းခြေအရ အဲဒီက အရာဝတ္ထုတန်ချိန် ၂ သန်းခွဲလောက် ဖယ်ရှားခံရမယ်” လို့ အဏ္ဏ၀ါ ထိန်းသိမ်းစောင့်ရှောက်ရေး က ပြောခွင့်ရ က ပြောကြားခဲ့ပါတယ်။ အခုတည်ဆောက်နေတဲ့ ဓာတ်ငွေ့ပိုက်လိုင်းက ၂၀၁၉ ခုနှစ်အကုန်မှာ ဓာတ်ငွေ့စတင် ပို့လွှတ်နိုင်မယ်လို့ သိရပါတယ်။
3 years Ago
Up