ရိုးရာနွားဝှေ့ပြိုင်ပွဲ

November 30, 2017

ထိုင်းတွင်ကျင်းပသည့် ရိုးရာနွားဝှေ့ပြိုင်ပွဲတွင် တရုတ်နွား အနိုင်ရပြီး ဘတ်ငွေ ၈ သန်း ဆုရ

ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ရတ်ဖုမ်မြို့နယ်မှာ ရိုးရာနွားဝှေ့ပြိုင်ပွဲ ကျင်းပနေပြီး မနေ့ကပွဲစဉ်မှာတော့ တရုတ်နွားက ထိုင်းနွားကို အနိုင်ရကာ ဘတ်ငွေ ၈ သန်း ဆွတ်ခူးခဲ့တယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ မစ္စတာကိန်ဆိုသူမှာ သူ့ရဲ့ပြိုင်နွားကို ဘတ် ၈ သိန်းနဲ့ ဝယ်ယူခဲ့ပြီး ထိုင်းစီးပွားရေးလုပ်ငန်းရှင် နိုင်းရတ်ဆမီဆိုက်ခွမ်ရဲ့ နွားနဲ့ ယှဉ်ပြိုင်ဝှေ့ခတ်စေခဲ့တာပါ။ ကျောက်ခေါဝ်မဟာချွန်းယွတ်နမ်းချိုင်းလို့ အမည်ပေးထားတဲ့ ထိုင်းနွားဟာ အရင်က ၃ ပွဲဆက်တိုက် အနိုင်ရခဲ့ဖူးပြီး နွားချန်ပီယံ ဖြစ်ခဲ့ပေမယ့် ဒီတချီ ခိုဒဲန်းဆိန်ဆယမ်လို့ အမည်ပေးထားတဲ့ တရုတ်နွားနဲ့ ယှဉ်ပြိုင်ဝှေ့ခတ်ရာမှာတော့ ရှုံးနိမ့်ခဲ့ရတာပါ။ နွားနှစ်ကောင်ဟာ တပြန်စီ အနိုင်ယူဝှေ့ခတ်ခဲ့ကြပေမယ့် မိနစ် ၄၀ အကြာမှာတော့ ထိုင်းနွားက တရုတ်နွားကို မယှဉ်နိုင်တော့ဘဲ ကွင်းပတ်ထွက်ပြေးခဲ့တာကြောင့် ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။ နွားပြိုင်ပွဲကို ပြည်တွင်းပြည်ပ နွားဝါသနာရှင် ထောင်နဲ့ချီ လာရောက်ကြည့်ရှုအားပေးပြီး နွားပြိုင်ပွဲ လည်ပတ်ငွေမှာ ဘတ်သန်းပေါင်း ၅၀ ထိရှိတယ်လို့ ဆိုပါတယ်။ ဒီနွားပြိုင်ပွဲဟာ ထိုင်းတောင်ပိုင်းရဲ့ ရိုးရာအားကစားပွဲတမျိုးဖြစ်ပြီး အခုချိန်မှာတော့ အာဆီယံနိုင်ငံက ဝါသနာရှင်တွေပါ လာရောက်ယှဉ်ပြိုင်အားပေးနေကြပြီလို့ သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up