ရိုးရာခြင်းလုံး အတော့နှင့်အတွဲပြိုင်ပွဲတွင်

June 10, 2017

ရိုးရာခြင်းလုံး အတော့နှင့်အတွဲပြိုင်ပွဲတွင် ဇင်ထက်လင်း ချန်ပီယံဆုရ

ပထမဆုံးအကြိမ် ကျင်းပတဲ့ ရိုးရာခြင်းလုံးအတော့နဲ့ အတွဲခတ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ဇွန် ၁၀ ရက်က အောင်ဆန်းကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ဇင်ထက်လင်းက ချန်ပီယံဆုရခဲ့ပါတယ်။ အတော့နဲ့အတွဲခတ်ပြိုင်ပွဲဟာ ခြင်းလုံးကို မမြင်ရတဲ့အခြေအနေမှာ ခတ်ရတဲ့ ရိုးရာခြင်းလုံးရဲ့ အဆင့်မြင့်ဆုံး ခြင်းပေါက်အမျိုးအစားဖြစ်ပြီး ကစားသမားစုစု ပေါင်း ၁၉ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်ကစားသမားတွေအနေနဲ့ ခြင်းကြီး၊ ခြင်းပေါက်အမျိုးအစား ၁၀ မျိုးထဲက မဟာဒူး၊ စလွယ်ကြီးနဲ့ တည့်ဖ၀ါး ကစားပုံတွေကို ခတ်ပြရပြီး အကြိမ်အရေအတွက် အများဆုံးခတ်နိုင်တဲ့ ကစားသမားကို ချန်ပီယံအဖြစ် သတ်မှတ်တာပါ။ ဒုတိယဆုကို ခိုင်ဇော်မင်းနဲ့ တတိယဆုကို ကိုကိုပိုင်တို့က ရရှိခဲ့ပါတယ်။ အမျိုးသမီးပြိုင်ပွဲမှာတော့ ကစားသမား ၁၀ ဦး ၀င်ပြိုင်ခဲ့ပြီး ချန်ပီယံဆုကို မစမ်းစမ်း မော်၊ ဒုတိယဆုကို မသင်းသင်းခိုင်နဲ့ တတိယဆုကို မခိုင်သဇင်ဖြိုးတို့ ရရှိခဲ့ပါတယ်။ ဆီးဂိမ်းပြိုင်ပွဲမှာ ထည့်သွင်းကျင်းပခဲ့တဲ့ ရိုးရာခြင်းလုံးပြိုင်ပွဲမှာ ရိုးရာခြင်းလုံးရဲ့ အဆင့်အနိမ့်ဆုံး ခြင်းပေါက်တွေကို ထည့်သွင်းကျင်းပတာဖြစ်ပြီး အဆင့်မြင့်ခြင်းပေါက်တွေ ပျောက်ကွယ်မသွားဖို့ ရည်ရွယ်ချက်နဲ့ ဒီပြိုင်ပွဲကျင်းပတာပါ။ ဒီပြိုင်ပွဲမှာ ခြင်းလုံးအလှခတ်ပွဲလည်း ထည့်သွင်းကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်အားပေးခဲ့ပါတယ်။ ဒီနှစ် စတင်ကျင်းပတဲ့ ရိုးရာခြင်းလုံးအတော့နဲ့ အတွဲခတ်ပြိုင်ပွဲမှာ ကစား ပုံ ၃မျိုးပဲ ထည့်သွင်းကျင်းပခဲ့ပေမယ့် လာမယ့်နှစ် ပိုင်ပွဲမှာတော့ ခြင်းကြီးပြိုင်ပွဲအမျိုးအစား ၁၀ မျိုးစလုံး ထည့်သွင်းကျင်းပဖို့ စီစဉ်ထားပါတယ်။
4 years Ago
Up