မြန်မာ၊ ထိုင်းနဲ့ ကနေဒါနိုင်ငံက လက်ဝှေ့သမားတွေ ပါဝင်တဲ့ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို အောက်တိုဘာ ၉ ရက်က သိမ်ဖြူလက်ဝှေ့ရုံမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပါတယ်။
အဓိကစိန်ခေါ်ပွဲနှစ်ပွဲဖြစ်တဲ့ နိုင်ငံတကာတွဲဆိုင်းနှစ်ပွဲမှာ တူးတူးက ထိုင်းနိုင်ငံက ဘာနီယွန်ကို အနိုင်ရခဲ့ပေမယ့် မြန်မာပြည် အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းက ကနေဒါနိုင်ငံက ဒေ့ဗ် လက်ဒက်နဲ့ ပူးတွဲသရေကျခဲ့ပါတယ်။
ထွန်းထွန်းမင်းအနေနဲ့ ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒက်ကို အသာစီးနဲ့ ထိုးသတ်နိုင်ခဲ့ပေမယ့် ဒေ့ဗ်လက်ဒက်ရဲ့ တံတောင်နောက်ပြန်ရိုက်ချက်တွေကလည်း ထွန်းထွန်းမင်းကို အထိနာစေခဲ့ပြီး ၅ ချီပြီးဆုံးချိန်မှာတော့ ဘယ်သူကမှ အလဲထိုးနိုင်ခြင်း မရှိလို့ ပူးတွဲ သရေကျခဲ့တာပါ။
တူးတူးနဲ့ ဘာနီယွန်တို့ရဲ့ပွဲကလည်း ပွဲအစပိုင်းမှာ အကြိတ်အနယ်ရှိခဲ့ပေမယ့် တတိယအချီမှာတော့ တူးတူးရဲ့ လက်သီးချက်တွေနဲ့ ခြေကန်ချက်တွေကို မကာကွယ်နိုင်ခဲ့လို့ ဘာနီယွန် အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။
အခြားတွဲဆိုင်းတွေမှာတော့ စိုးလင်းဦးနဲ့ သပြေညိုတို့ ပူးတွဲသရေကျခဲ့ပြီး ဖျံသွေးက စောဂေါ်မူးတိုး၊ ဖိုးလပြည့်က စောမင်းအောင်၊ ရဲသွေးနီက မိုက်ရိုင်း၊ ထွန်းလွင်မိုးက နက္ခတ်အောင်တို့ကို အလဲထိုးတွေနဲ့ အနိုင်ရခဲ့ပြီး ရဲမာန်ဟိန်းနဲ့ မင်းနိုင်ထွန်း၊ ရွှေရာမာန်နဲ့ သားအသဲတစ်ပွင့်တို့ ပွဲတွေမှာ ပူးတွဲသရေကျခဲ့ပါတယ်။
ဒီပွဲကို အမ်အမ်အေလက်ဝှေ့သမား အောင်လအန်ဆန်လည်း လာရောက်အားပေးခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ - လွှမ်းမိုးအောင်
6 years Ago