ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်

December 6, 2017

မျိုးဆက်သစ်အားကစားသမားများ ပေါ်ပေါက်စေရန် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း၊ မိုးလုံလေလုံ အားကစား ခန်းမမှာ စစ်ကိုင်းတိုင်းအတွင်းက မျိုးဆက်သစ် မြန်မာ့ရိုးရာ လက်ဝှေ့အားကစားသမားတွေ ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပြီး ဒီဇင်ဘာ ၈ ရက်နေ့မှာ မြန်မာနဲ့ ထိုင်းရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ အခုကျင်းပမယ့် လက်ဝှေ့ပွဲမှာ ပွဲစဉ် ၁၂ ပွဲ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပြီး အဲဒီထဲက ထိုင်းနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ပွဲစဉ်တွေအဖြစ် ၇၅ ကီလိုတန်း ၁ ပွဲ၊ ၅၇ ကီလိုတန်း ၁ ပွဲ စုစုပေါင်း ၃ ပွဲ ထည့်သွင်းထားပါတယ်။ “ထိုင်းကို ထည့်ရတာက ထိုင်းနဲ့ပွဲဆို ဗမာတွေက စိတ်ဝင်စားတယ်။ ကျန်တဲ့ ဂျပန်၊ ရုရှား၊ အမေရိကန်တို့နဲ့ဆို စိတ်မဝင်စားကြဘူး။ ဒါကြောင့် ထည့်ထားတာပါ။ လက်ဝှေ့နဲ့ပတ်သက်ရင် မုံရွာက အစဉ်အလာရှိတယ်။ ဒီမှာ ရွက်ပုန်းသီး လူငယ်လက်ဝှေ့အားကစားသမားတွေလည်း ရှိတယ်။ အဲဒါတွေလည်း ပေါ်ထွက်လာစေချင်လို့။ နောက်ပြီး မြန်မာ့ရိုးရာ လက်ဝှေ့အားကစား လည်း ဒီထက်မက တိုးတက်လာစေဖို့ ရည်ရွယ်ပြီး အခုလို လက်ဝှေ့ပွဲကို စီစဉ်တာပါ” လို့ မန္တလေးတိုင်းလက်ဝှေ့ အတွင်းရေးမှူးလည်းဖြစ်၊ ပွဲစီစဉ်သူလည်းဖြစ်တဲ့ ဆရာဒဿက ဒီဗွီဘီကို ပြောပါတယ်။ မုံရွာမြို့အနေနဲ့ လက်ဝှေ့ပွဲတွေကို မကျင်းပခဲ့တာ နှစ်ပေါင်း ၃၀ ဝန်းကျင်ရှိပြီလို့လည်း သိရပါတယ်။ ဒီလက်ဝှေ့ပွဲမှာ လူတန်းစားအားလုံး လာရောက်ကြည့်ရှုနိုင်အောင်ရည်ရွယ်ပြီး လက်မှတ်တွေကို ၅ ထောင်၊ ၁ သောင်း၊ ၂ သောင်း ဆိုပြီး သတ်မှတ်ရောင်းချပေးနေပါတယ်။ အခုပွဲက ပထမဆုံးပွဲဖြစ်ပြီး ဒီလအတွင်း မုံရွာမှာပဲ နောက်ထပ်တပွဲ ထပ်လုပ်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ အခုလို လက်ဝှေ့ပွဲတွေ လုပ်ပေးခြင်းအားဖြင့် မြန်မာ့ရိုးရာလက်ဝှေ့အားကစားကို စိတ်ဝင်စားမှုပိုများလာပြီး ရွက်ပုန်းသီး အားကစားသမားတွေလည်း ပေါ်ထွက်လာကာ မြန်မာ့ရိုးရာလက်ဝှေ့လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။
3 years Ago
Up