ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ

May 9, 2017

စိုးလင်းဦးနှင့် တူးတူးတို့၏ တွဲဆိုင်းများ ပါဝင်မည့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်

ပထမတန်း လက်ဝှေ့ကျော်တွေဖြစ်တဲ့ စိုးလင်းဦးနဲ့ တူးတူးတို့ ပါဝင်ထိုးသတ်မယ့် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို လာမယ့်ဇွန်လ ၁၀ ရက်နေ့ သုဝဏ္ဏအားကစားပြိုင်ပွဲရုံမှာ ကျင်းပသွားမှာပါ။ ဒီပွဲမှာ ကီလိုတန်းအလိုက် စုစုပေါင်းတွဲဆိုင်း ၉ ဆိုင်း ပါဝင်မှာဖြစ်ပြီး မြန်မာလက်ခမောင်းအဖွဲ့က စီစဉ်တဲ့ ဒုတိယမြောက်ပြိုင်ပွဲ ဖြစ်ပါတယ်။ ၆၇-၇၁ ကီလိုတန်းမှာ မြန်မာလက်ဝှေ့ကျော်စိုးလင်းဦး (ဒို့ရိုးရာ) က ပိုလန်နိုင်ငံသား ဆာလာဒိုက်နဲ့ ယှဉ်ပြိုင်ထိုးသတ်မှာပါ။ အသက် ၂၆ နှစ်ရှိ ဆာလာဒိုက်ဟာ ဗြိတိန်နိုင်ငံမှာ အခြေစိုက်နေထိုင်သူဖြစ်ပြီး ဗြိတိန် K1 ချန်ပီယံနဲ့ ဗြိတိန်မွေထိုင်းချန်ပီယံဆု ရရှိထားတယ်လို့ သိရပါတယ်။ စိုးလင်းဦးနဲ့ ထိုးသတ်မယ့် ဆာလာဒိုက်ဟာ အရပ် ၆ ပေရှိပြီး တိုက်ခိုက်ရေးပြိုင်ပွဲ ၂၀ ပွဲမှာ ၁၅ ပွဲနိုင် ၅ ပွဲ ရှုံးထားပါတယ်။ ပထမတန်းလက်ဝှေ့ကျော် တူးတူး(နဂါးမာန်) နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် နိုင်ငံခြားသားတဦးကိုတော့ ရှာဖွေနေဆဲဖြစ်တယ်လို့ မြန်မာလက်ခမောင်းအဖွဲ့က မီဒီယာ ဒါရိုက်တာ ဦးအောင်သူက ပြောပါတယ်။ ၆၃ ကီလိုတန်းမှာ စည်သူ (T & T သထုံ) နဲ့ ရှမ်းလေး(ဘိလပ်မြေစက်ရုံ)၊ ၇၁-၇၅ ကီလန်တန်းမှာ ရဲရင့်အောင် (အဖြူရောင်သွေးသစ်) နဲ့ ပိုက်ထွေး (T & T သထုံ) တို့ ယှဉ်ပြိုင်ထိုးသတ်ကြမှာပါ။ မြန်မာလက်ခမောင်းအဖွဲ့ဟာ ၂၀၁၇ ခုနှစ်အတွင်း ရိုးရာလက်ဝှေ့ပွဲပေါင်း ၉ ပွဲလောက် စီစဉ်ကျင်းပမှာဖြစ်ပြီး ပထမအကြိမ်ပြိုင်ပွဲကိုလည်း ဇေကမ္ဘာဂေါက်ကွင်းအတွင်းမှာ ကျင်းပခဲ့ပါတယ်။
4 years Ago
Up