ရိုးမား

March 7, 2019

အချိန်ပိုသွင်းဂိုးဖြင့် ရိုးမားကိုနိုင်ပြီး ပေါ်တူ ချန်ပီယံလိဂ် ကွာတားတက် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ပေါ်တူဂီကလပ် ပေါ်တိုနဲ့ အီတလီကလပ် ရိုးမားတို့ မနေ့ညက ယှဉ်ပြိုင်ရာ ပေါ်တိုက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပထမအကျော့ ရိုးမားကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားတဲ့ ပေါ်တိုအသင်းဟာ အခုပွဲ အနိုင်ရဖို့ ကြိုးစားကစားခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၃ ဂိုးနဲ့ ထိုက်ထိုက်တန်တန် အနိုင်ရကာ နောက်တဆင့် တက်ရောက်သွားတာပါ။ ပေါ်တိုဟာ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှုရာ ထိုးဖောက်ကန်သွင်းရာမှာပါ ရိုးမားအသင်းအပေါ် အပြတ် အသာရခဲ့ပါတယ်။ ပထမပိုင်း ၂၆ မိနစ်မှာ ပေါ်တိုအတွက် ဖရန်စစ္စကို ဆိုးရက်စ်က အဖွင့်ဂိုး သွင်းယူခဲ့ပေမယ့် ၃၇ မိနစ်မှာ ဒီရော့စီက ပယ်နယ်တီကတဆင့် ရိုးမားအတွက် ချေပဂိုး သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ တဂိုးစီ သရေကျခဲ့ပါတယ်။ ဒီ့နောက် ပွဲချိန် ၅၂ မိနစ်မှာ ပေါ်တိုအတွက် မာရီဂါက အနိုင်ဂိုးသွင်းယူနိုင်ခဲ့လို့ မိနစ် ၉၀ ပြည့်တဲ့အချိန်မှာ ပေါ်တို ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရတာပါ။ အချိန်ပို ဒုတိယပိုင်းမှာတော့ ပေါ်တိုအတွက် တဲလက်စ်က ပယ်နယ်တီကနေ အနိုင်ဂိုးသွင်းပြီး ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ပေါ်တိုအတွက် ခြေစွမ်းပြပြီး အနိုင်ဂိုးတဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး မာရီဂါကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
3 years Ago

February 22, 2019

ချဲလ်ဆီးနည်းပြ ဆာရီကို ရိုးမားအသင်း ခေါ်ယူရန် ကြိုးပမ်း

နည်းပြရာထူး မသေချာမှုနဲ့အတူ ဖိအားတွေ ရင်ဆိုင်နေရတဲ့ ဆာရီကို ခေါ်ယူချင်တဲ့ ဥရောပ ကလပ်အသင်းတသင်းက စတင်ချိတ်ဆက်လာပါတယ်။ နာပိုလီနည်းပြဟောင်းလည်းဖြစ်တဲ့ လက်ရှိ ချဲလ်ဆီးနည်းပြ ဆာရီကို စီးရီးအေကလပ် ရိုးမားအသင်းက ခေါ်ယူဖို့ ကြိုးပမ်းလာတာဖြစ်ပြီး အီတလီမြေဆီ ပြန်လည်ခေါ်ယူလိုနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဆာရီရဲ့ ပြောကြားချက်အရ သူ့အနေနဲ့ ချဲလ်ဆီးအသင်းကို ကာလရှည်ကြာ ဆက်လက်ကိုင်တွယ်လိုနေတယ်လို့ သိရပေမယ့် ကလပ်အတွင်းသတင်းတွေအရ မကြာခင်မှာ ထုတ်ပယ်ခံရဖို့လည်း နီးစပ်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး အသင်းတွေကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ဆာရီဘောလို့ခေါ်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာနဲ့ ကစားသမားတွေကို စီမံခန့်ခွဲမှုဟာ အလုပ်မဖြစ်ခဲ့တာ သိသာလာခဲ့တာလည်း ဖြစ်ပါတယ်။ ဆာရီဟာ နာပိုလီအသင်းကို အီတလီရဲ့ ဒုတိယအကောင်းဆုံး ကလပ်အသင်းအဖြစ် တည်ဆောက်နိုင်ခဲ့ပေမယ့် ချဲလ်ဆီးအသင်းမှာတော့ လက်ရှိအချိန် ရလဒ်ကောင်းအောင် မစွမ်းဆောင်နိုင်သေးပါဘူး။ နောက်ဆုံးသတင်းတွေအရ ဆာရီနဲ့ ရိုးမားအသင်း ဒါရိုက်တာတွေဟာ လန်ဒန်မြို့မှာ ညစာအတူတူ စားခဲ့တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် နည်းပြအပြောင်းအလဲ မကြာခဏ ပြုလုပ်လေ့ရှိတဲ့ ချဲလ်ဆီးအသင်းကတော့ နည်းပြဆာရီကို အီတလီမြေ ပြန်ခွင့်ပေးနိုင်သလို ဆာရီရဲ့အနာဂတ်ဟာ မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲပေါ် မူတည်နေပါတယ်။ ရိုးမားအသင်းဘက်ကတော့ ဆာရီရဲ့ ဆုံးဖြတ်ချက်ကိုသာ စောင့်ဆိုင်းနေတဲ့ သဘောမှာရှိပြီး အသင်းကနေ ထွက်ခွာချိန်မှာ တန်းပြီးခေါ်ယူနိုင်ဖို့ ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။
3 years Ago
More News
Up