ရိုင်ဖယ်သေနတ်ကိုင် ဓားပြကို ခုခံပြီး နပမ်းဝင်လုံးသည့် ဆိုင်ဝန်ထမ်းအမျိုးသမီး

A d v e r t i s e m e n t With Us

September 26, 2016

ရိုင်ဖယ်သေနတ်ကိုင် ဓားပြကို ခုခံပြီး နပမ်းဝင်လုံးသည့် ဆိုင်ဝန်ထမ်းအမျိုးသမီး (ရုပ်သံ)

ရုရှားနိုင်ငံမှ ဆိုင်ဝန်ထမ်းအမျိုးသမီးတဦးဟာ ဆိုင်တွင်းဝင်ရောက်ပြီး ဓားပြတိုက်ခဲ့တဲ့ ရိုင်ဖယ်သေနတ်ကိုင် အမျိုးသားတဦးကို နပမ်းဝင်လုံးပြီး ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ရုရှားနိုင်ငံ၊ ကမ်မရိုဗို အိုဘလတ်စ်တ်ခရိုင်၊ မရင့်စ်ခ်မြို့မှာ ဖြစ်ခဲ့တာလို့ မေရာသတင်းမှာ စက်တင်ဘာ ၂၅ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ကတုံးပုံဆံပင်ရိတ်ထားတဲ့ အဆိုပါအမျိုးသားဟာ ဆိုင်တွင်းကို လမ်းလျှောက်ဝင်လာခဲ့တာ တွေ့ရပါတယ်။ သူ့ရဲ့နောက်ဘက်မှာ အေကေ-၄၇ ရိုင်ဖယ်သေနတ်တလက်ကို ယူဆောင်လာခဲ့တာဖြစ်ပြီး အစပိုင်းမှာ ဆိုင်ဝန်ထမ်း ငွေကိုင်အမျိုးသမီးက မတွေ့ခဲ့ပါဘူး။ သူက အမျိုးသမီးကို “ဘီယာ ၃ လီတာပေးပါ” လို့ ပြောခဲ့ချိန်မှာ အမျိုးသမီးက “၂ ပေါင်ခွဲကျသင့်ပါတယ်။ ရှင့်မှာ ပိုက်ဆံပါသလား” လို့ ပြန်မေးခဲ့တာပါ။ အဲဒီနောက် အမျိုးသမီးဟာ ဘီယာတွေကို ပုလင်းထဲ လောင်းထည့်နေချိန်မှာ အဆိုပါအမျိုးသားက သေနတ်ကို ကောင်တာပေါ်တင်ပြီး ချိန်ခဲ့တာပါ။ အမျိုးသမီးက “အဲဒါတွေ ဘေးဖယ်ထားလိုက်စမ်းပါ” လို့ သွေးအေးအေးနဲ့ တုံ့ပြန်လိုက်ချိန်မှာ “လက်တွေ မြှောက်ထားပါ။ အချက်ပေးခလုတ်နှိပ်လိုက်တာနဲ့ မင်းကို ပစ်လိုက်မှာ” လို့ ဓားပြ အမျိုးသားက ပြန်ပြောလိုက်တာကို တွေ့ရပါတယ်။ အမျိုးသမီးက ဆိုင်ထဲကထွက်သွားရင် ဘီယာပုလင်းကို အလကားပေးမယ်လို့ ပြောလိုက်ချိန်မှာ အဲဒီအမျိုးသားဟာ ကောင်တာအနောက်ဘက်ကို ၀င်လာခဲ့ပြီး “ပိုက်ဆံလိုချင်တယ်” လို့ ပြောလိုက်တာပါ။ အမျိုးသမီးကို သေနတ်နဲ့ချိန်လိုက်ချိန်မှာ အမျိုးသမီးက “ဆက်လုပ်လိုက်စမ်းပါ” လို့ သွေးအေးအေးနဲ့ ပြန်ပြောခဲ့ကာ သူ့ဆီကသေနတ်ကို အဆင်းဆွဲလုပြီး ရုန်းရင်းဆန်ခတ်နဲ့ နပမ်းဝင်လုံးခဲ့တာကို တွေ့ရပါတယ်။ လုံးထွေးသတ်ပုတ်နေချိန်မှာ အမျိုးသမီးနဲ့ အင်အားချင်းမမျှခဲ့ဘဲ အဆိုပါအမျိုးသားက သူ့ရဲ့မျက်နှာ၊ ကျောဘက်နဲ့ ခြေထောက်တွေကို ကန်ကျောက်ပြီး ထားခဲ့ကာ ဘီယာပုလင်းကိုယူပြီး ထွက်သွားခဲ့တာပါ။ ဒါပေမယ့် လမ်းမပေါ်ရောက်ပြီး မိနစ်အနည်းငယ်အကြာမှာပဲ ရဲတွေက ဖမ်းမိခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါအမျိုးသားဟာ အရင်ကလည်း ရာဇ၀တ်ပြစ်မှုတွေ ကျူးလွန်ခဲ့ဖူးတဲ့ မှတ်တမ်းရှိခဲ့ဖူးပြီး ခုလိုကျူးလွန်တဲ့အတွက် ထောင်ဒဏ် ၁၀ နှစ်အထက် ကျခံရနိုင်တယ်လို့ ရဲတွေက ပြောပါတယ်။
4 years Ago
Up