ရိုက်တာသတင်းထောက်၏ ဖုန်းထဲကဓာတ်ပုံများကို သက်သေခံပစ္စည်းအဖြစ် တရားရုံးဆုံးဖြတ်

May 23, 2018

ရိုက်တာသတင်းထောက်၏ ဖုန်းထဲကဓာတ်ပုံများကို သက်သေခံပစ္စည်းအဖြစ် တရားရုံးဆုံးဖြတ်

  ရိုက်တာသတင်းထောက် ၂ ဦးအမှုနဲ့ ပတ်သက်ပြီး ရုံးထုတ်စစ်​​​ဆေးရာမှာ သတင်းထောက်​တွေရဲ့ လက်ကိုင်ဖုန်းထဲကရရှိတယ်​လို့ဆိုပြီး ရဲတပ်ဖွဲ့က တင်သွင်းလာတဲ့ သက်သေခံပစ္စည်း​တွေကို ဖုန်းနဲ့ တိုက်ဆိုင်စစ်​ဆေးပြီး​​​ တူညီတာ​တွေကို သက်​​သေခံအဖြစ်​ လက်ခံ​ကြောင်း တရားရုံးက ဆုံးဖြတ်​လိုက်ပါတယ်​။ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ မြန်မာနိုင်ငံ အခြေစိုက် ရိုက်တာသတင်းဌာနက သတင်းထောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကျော်စိုးဦးတို့အမှုကို မေလ ၂၂ ရက်နေ့က အကြိမ်​ ၂၀ ​မြောက်​ ရုံးထုတ်​စစ်​​ဆေးခဲ့တာဖြစ်ပါတယ်​။ သတင်းထောက်ကိုကျော်စိုးဦးရဲ့ ဖုန်းထဲကနေ ဝန်ကြီးဌာနတချို့ရဲ့စီမံချက်တချို့၊ ဒုသမ္မတခရီးစဉ်ပါအကြောင်းအရာတချို့၊ မာန်အောင်ကျွန်း ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်​ပါအကြောင်းအရာတချို့ကို ဓာတ်ပုံအဖြစ်တွေ့ရတယ်​လို့  နေပြည်တော် ရဲမှုခင်းတပ်​ဖွဲ့၊ နည်းပညာမှုခင်းဌာနက ရဲမှူး​အောင်​​ကျော်​ဆန်းက ​မေလ ၂၁ရက်က တရားရုံး​တော်​ကို တင်​ပြထားတာလည်း ဖြစ်​ပါတယ်​။ သတင်း​ထောက်​ ကိုဝလုံးက “တချို့စာရွက်စာတမ်းတွေက ဘယ်ကမှန်းတောင် မသိပါဘူး။ အဲ့ဒါတွေက Facebook Messenger ကနေ ဝင်လာတဲ့ဟာတွေလို့ ကျနော်တို့ ယူဆတယ်။ ကျနော်ကိုယ်တိုင်တောင် မသိတဲ့ စာရွက်စာတမ်း တွေကို (သက်သေ အဖြစ်) တက်လာတာဆိုတော့ အခြေအနေကို နားမလည်နိုင်ဘူး”လို့ ဆိုပါတယ်​။ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး သတင်းရယူဖို့ ကြိုးစားခဲ့တဲ့ ရိုက်တာ သတင်းဌာနက  သတင်းထောက် ကိုသက်ဦးမောင် (ခ) ကိုဝလုံးနဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)အရ ဖမ်ဆီး အရေးယူထားတာပါ။
3 years Ago
Up