ရုရှား ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အဦတလုံး မီးလောင်

A d v e r t i s e m e n t With Us

April 4, 2016

ရုရှား ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အဦတလုံး မီးလောင် (ရုပ်သံ)

ရုရှားနိုင်ငံ မော်စကိုမြို့တော်က ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အဦ တလုံးထဲမှာ ဧပြီ ၃ ရက်နေ့က မီးလောင်ခဲ့လို့ မီးသတ်သမားတွေက နာရီအတော်များများ ကြိုးစား ငြှိမ်းသတ်ခဲ့ရပါတယ်။ ရုရှား အရေးပေါ်အခြေအနေဆိုင်ရာ ဝန်ကြီးဌာန မော်စကိုရုံးခွဲရဲ့ ဒုတိယအကြီးအကဲက မော်စကိုစံတော်ချိန် ညနေ လေးနာရီခွဲလောက်မှာ မီးက မျက်နှာစာတွေ အားလုံးမှာသာ ကွက်ပြီး လောင်ခဲ့တာလို့ ပြောပါတယ်။ မီးက ဒုတိယထပ်မှာ မနက် ဆယ်နာရီလောက်က စလောင်ခဲ့တာဖြစ်ပြီး လျှပ်စီးပတ်လမ်း ပြတ်တောက်မှုကြောင့် ဖြစ်နိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းပြန်ကြားရေးဌာနကို ကိုးကားပြီး ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။ မီးလောင်နေတဲ့ အဆောက်အဦထဲက လူအယောက် ၄၀ လောက် ထွက်ပြေး လွတ်မြောက်ခဲ့ပြီး တခြားလူ ၇ ဦးကို မီးသတ်သမားတွေက ကယ်ထုတ်ခဲ့ရပါတယ်။ လေပြင်းတွေနဲ့ ဟောင်းနွမ်းနေတဲ့ ကြမ်းခင်းပြားတွေကြောင့် မီးက စတုရန်းမီတာ ၃၅၀၀  ထိ လောင်ခဲ့ပါတယ်။ တခြားအဆောက်အဦတွေကို မီးမကူးအောင် မီးသတ်သမားတွေက စီမံနိုင်ခဲ့ပါတယ်။ ကရင်မလင်နန်းတော်နဲ့ မီတာ ရာဂဏန်းလောက်ပဲဝေးတဲ့ မော်စကိုမြို့လယ်က အရေးကြီးတဲ့ ကာကွယ်ရေးဝန်ကြီးဌာနလို ဌာနမှာ လောင်ခဲ့တာ တကယ့်ကို ဆိုးရွားတဲ့ မတော်တဆမှုပဲလို့ မော်စကို ဒေသခံတဦးက ပြောပါတယ်။ အရေးပါတဲ့ ဌာနတွေကို အဆောက်အဦအသစ်ဆီ ပြောင်းပြီးသားဖြစ်ခဲ့လို့ မီးဟာ ဌာနရဲ့ အမာခံ လုပ်ငန်းဆောင်တာတွေကို မထိခိုက်ခဲ့ဘူးလို့ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
5 years Ago
Up