ရုရှားနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

December 8, 2017

ရုရှားနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗ်ရော့ဗ်ဟာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ရဲ့က်စ် တေလာဆန်နဲ့ ဗီယင်နာမြို့မှာ မနေ့က တွေ့ဆုံပါတယ်။ သြစတြီးယားနိုင်ငံမှာ ကျင်းပတဲ့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီး OSCE ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်ဆွေးနွေးပွဲမှာ တွေ့ဆုံခဲ့တာပါ။ အစည်းအဝေးရဲ့ လုပ်ငန်းစဉ်ကိုတော့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက မပြောခဲ့ပါဘူး။ ဒီဇင်ဘာ ၇ ရက်နေ့ အစောပိုင်းကတော့ အင်တာနက် လုံခြုံရေး သေချာစေဖို့ အားထုတ်မှုတွေကို အားဖြည့်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို ရုရှားဝန်ကြီးက ဆော်သြခဲ့ပါတယ်။ တားမြစ်ဆေးဝါးတွေကို တိုက်ဖျက်ရေး အားထုတ်မှုတွေ ကျစ်လစ် စုစည်းအောင် လုပ်ဖို့လည်း သူက အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းပါတယ်။ ရုရှားဟာ ၂၀၁၈ ပြုံချန်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်ခံရအပြီးနောက် ၂ ရက် အကြာမှာ ခုလို ပြောလိုက်တာပါ။ တားမြစ်ဆေးဝါး ဆန့်ကျင်ရေးစနစ်ကို ရုရှားက စနစ်တကျ ကြိုးကိုင်ခြယ်လှယ်နေတဲ့ အထောက်အထားတွေ ရှိတယ်လို့ နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) က ပြောအပြီး အိုလံပစ်ဝင်မပြိုင်ဖို့ ရုရှားဟာ တားမြစ်ပိတ်ပင်ခံခဲ့ရပါတယ်။ တေလာဆန်ကတော့ အမေရိကန်ဟာ ရုရှားအပေါ် ဒဏ်ခတ်မှုကို ပယ်ဖျက်ပေးချင်နေတယ်၊ ဒါပေမယ့် ရုရှားက ယူကရိန်း အရှေ့ပိုင်းနဲ့ ခရိုင်းမီးယားမှာ တပ်ချထားတဲ့ စစ်တပ်ကို ပြန်မဆုတ်ခွာမချင်း ပယ်ဖျက်ပေးမှာ မဟုတ်ဘူးလို့ ဒီဇင်ဘာ ၇ ရက်နေ့က ပြောပါတယ်။ ဒီအရေးဟာ အမေရိကန်နဲ့ ရုရှားကြား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ အဓိက အခက်အခဲအဖြစ် ကျန်ရစ်နေတယ်လို့လည်း ပြောပါတယ်။ ရုရှားအစိုးရဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို စွက်ဖက်တယ်၊ ကမ္ဘာလုံးဆိုင်ရာ ဆိုင်ဘာဖောက်ထွင်း တိုက်ခိုက်မှုလှိုင်းတွေရဲ့ နောက်ကွယ်မှာ ရှိနေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခံထားရပါတယ်။ ရုရှားကတော့ စွဲချက် အားလုံးကို ငြင်းထားပါတယ်။
4 years Ago
Up