ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့်

November 26, 2016

ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတကာကြက်ခြေနီအသင်း ဥက္ကဋ္ဌတို့ တွေ့ဆုံ

ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်နဲ့ နိုင်ငံတကာ ကြက်ခြေနီအသင်း (ICRC) ရဲ့ဥက္ကဋ္ဌ ပီတာမောင်ရာတို့ ရုရှားမြို့တော် မော်စကိုမှာ တွေ့ဆုံပါတယ်။ ဆီးရီးယားနဲ့ ယူကရိန်းနိုင်ငံတွေက လူသားချင်းစာနာမှု အခြေအနေတွေကို ဆွေးနွေးကြပါတယ်။ ICRC ရဲ့ နိုင်ငံရေးမဖက်တဲ့ လှုပ်ရှားမှု ရိုးသား သည်းခံမှုတွေအပြင် ရုရှားနဲ့ ICRC ကြား ကာလကြာရှည် ပူးပေါင်းဆောင်ရွက်မှုတွေကို လာ့ဗ်ရော့ဗ်က အသားပေး ပြောဆိုပါတယ်။ ပဋိပက္ခ တွေရဲ့ သက်ရောက်မှုကြောင့် နိုင်ငံတကာ ဆက်ဆံရေးကို မတည်ငြိမ် ဖြစ်စေမယ့် ဘေးတွေ ရှိနေတယ် ဒီအခြေအနေကို ဟန့်တားရေး ပူးပေါင်းဆောင်ရွက်မယ့် အခွင့်အရေးတွေ ရှိနေဖို့ အရေးကြီးတယ်လို့ မောင်ရာက ပြောပါတယ်။ မောင်ရာဟာ ရုရှား ဝန်ကြီးချုပ် ဒမစ်ထရီ မက်ဒီဒေ့ဗ်နဲ့ ကြာသပတေးနေ့မှာ တွေ့အပြီး အမေရိကန်နဲ့ အီရန် နိုင်ငံတွေဆီ ခရီးဆက်မှာ ဖြစ်ပါတယ်။ အင်အားကြီး နိုင်ငံတွေကြား သဘောတူညီချက် မရတာဟာ ဆီးရီးယား နိုင်ငံအတွင်း လူသားချင်း စာနာမှု လုပ်ငန်းတွေ အတွက် အခက်အခဲ ဖြစ်နေတယ်လို့ မောင်ရာက ရုရှားကို မလာခင် ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံ အလဲ့ပိုမြို့ အရှေ့ပိုင်းသူပုန်တွေ တပ်စွဲထားတဲ့ ဒေသကို ဆီးရီးယား အစိုးရနဲ့ မဟာမိတ်တွေ ထိုးစစ်ဆင်ခဲ့လို့ ဒီသီတင်းပတ် အတွင်း ရာနဲ့ချီတဲ့ လူတွေ သေဆုံးခဲ့ ပါတယ်။
6 years Ago
Up