ရုရှားရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့အတွက် အမေရိကန်တင့်ကားတွေနဲ့ တပ်ဖွဲ့ဝင် ၃ ထောင်ကျော်ဟာ ဒီနေ့ ပိုလန်နိုင်ငံကို ရောက်ရှိလာကြပါတယ်။
ရုရှားရဲ့ရန်လိုမှုတွေကို စိုးရိမ်နေကြတဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေရဲ့ လုံခြုံရေးအတွက် သမ္မတအိုဘားမားရဲ့ အစီအစဉ်နဲ့ ရောက်ရှိလာတာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် မတက်ခင်ရက်ပိုင်းအလိုမှာ ရောက်ရှိလာကြတာပါ။ ဒေါ်နယ်ထရမ့်ကတော့ ရုရှားနဲ့ဆက်ဆံရေးတိုးမြှင့်မယ်လို့ ပြောဆိုထားတာလည်းဖြစ်ပါတယ်။
ဒါဟာ ဆယ်စုနှစ်တွေအတွင်း ဥရောပမှာ အကြီးဆုံး အမေရိကန်တပ်အင်အားဖြည့်တင်းမှုတခုဖြစ်ပြီး တင့်ကားကြီး အစီး ၈၀ ကျော်နဲ့ စစ်ကားတွေ ရာနဲ့ချီပါဝင်ပါတယ်။
မကြာခင်မှာလည်း အမေရိကန်တင့်ကားတပ်ဟာ ဘောတစ်နိုင်ငံတွေမှာ စစ်ရေးလေ့ကျင့်မှုလုပ်ဖို့ရှိပြီး ၉ လတကြိမ် တပ်အပြောင်းအလဲအစီအစဉ်တခုလည်းဖြစ်ပါတယ်။
သမ္မတသစ် ဒေါ်နယ်ထရမ့်တက်လာရင်တော့ ဒီတပ်အင်အားဖြည့်တင်းမှုအစီအစဉ်တွေ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
6 years Ago