ရုရှားပြတိုက်မှ

January 26, 2017

ရုရှားပြတိုက်မှ အခိုးခံရသည့် ဒေါ်လာ ၂ သန်းတန် ပန်းချီကား ပြန်တွေ့

ရုရှား ပြတိုက်ကနေ အခိုးခံရတဲ့ ဒေါ်လာ ၂ သန်းတန်တဲ့ ပန်းချီကားကို ပြန်ရှာတွေ့ပြီလို့ ဘဲလာရုစ်နိုင်ငံ မူးယစ်ထိန်းချုပ်ရေး အရာရှိတွေက ဇန်န၀ါရီ ၂၅ ရက်နေ့မှာ ကြေညာပါတယ်။ နာမည်ကျော် ရုရှ ပန်းချီပညာရှင် အီဗန် ရှိတ်ရှ်ကင် ၁၉ ရာစုက ဆွဲခဲ့တဲ့ ရှုခင်းပုံ ပန်းချီကားဟာ ၂၀၁၃ ခုနှစ်က ပြတိုက်ကနေ ခိုးယူ ခံခဲ့ရတာပါ။ ရုရှ ဘဲလာရုစ်န်စပ်က မူးယစ်ကုန်ကူးမှု လမ်းကြောင်းကို ဖြတ်တောက်ရေး ဇန်နဝါရီ ၁၆ ရက်က စစ်ဆင်ရေးအတွင်း ဒီပန်းချီကားကို တွေ့ခဲ့တာလို့ ဘဲလာရုစ် ပြည်ထဲရေး ဝန်ကြီးဌာနက ဆိုပါတယ်။ ဒီပန်းချီကားကို ကိုကင်း၊ အဲ့စ်တက်စီ စိတ်ကြွဆေး၊ ဆေးခြောက်တွေနဲ့အတူ ဘဲလာရုစ် နိုင်ငံထဲကို သယ်လာခဲ့ကြတာလို့ ရဲက ပြောပါတယ်။ နောက်မှ ၁၈၉၇ ခုနှစ်က အီဗန် ရှိတ်ရှ်ကင် ရေးဆွဲတဲ့ ထင်းရှူးတော ပန်းချီကား ဖြစ်နေတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဥရောပက ဝယ်မယ့် အလားအလာ ရှိတဲ့ ဖောက်သည်ကို ရောင်းဖို့ ဘဲလာရုစ် နိုင်ငံထဲကို ပန်းချီကားကို သယ်လာခဲ့ ကြတယ်။ ဒါပေမယ့် ဈေးနှုန်းကို သဘောမတူကြလို့ အရောင်းအဝယ် မဖြစ်ခဲ့ကြဘူးလို့ ဘဲလာရုစ် ရဲတွေက ပြောပါတယ်။ ဒါကြောင့် မော်စကိုမှာ စောင့်နေတဲ့ ဝယ်သူ နောက်တယောက်အတွက် မော်စကိုကို ပြန်သယ်ဖို့ ရာဇဝတ်သားတွေ စီစဉ်နေချိန်မှာ သူတို့ကို ဖမ်းမိခဲ့တာလို့ ဘဲလာရုစ် ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ သဘောတူညီချက်အရ ပန်းချီကားအတွက် ယူရိုငွေ ၁ သိန်းနဲ့ ကိုကင်း ၃ ကီလို ပေးဖို့ ဝယ်သူဘက်က အသင့် ရှိနေခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။ မင့်ခ်စ် နိုင်ငံတော် အနုပညာပြတိုက်က ပညာရှင်တွေက ပန်းချီကားကို လောလောဆယ် စစ်ဆေးနေပါတယ်။ ကနဦး စစ်ဆေးချက်အရ ဒီပန်းချီကားက အစစ်အမှန် ဖြစ်တယ်လို့ ပညာရှင်တွေက သဘောတူခဲ့ကြပါတယ်။
5 years Ago
Up