ရုရှားပြစ်တင်ဝေဖန်

December 2, 2017

အမေရိကန်သံအမတ်ကြီး ပြောကြားချက် သွေးဆာနေသည့်မိန့်ခွန်းဟု ရုရှားပြစ်တင်ဝေဖန်

မြောက်ကိုရီးယားကို ဖျက်ဆီးပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာဟာ သွေးဆာနေတဲ့မိန့်ခွန်း ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့က ဒီဇင်ဘာ ၁ ရက်နေ့က ပြစ်တင်ဝေဖန်သွားပါတယ်။ အီတလီနိုင်ငံ ရောမမြို့မှာ အလည်အပတ်ရောက်ရှိနေတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့က ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေရဲ့ အခုသီတင်းပတ်အစောပိုင်းက ပြောကြားခဲ့တဲ့ စကားကို အခုလို  ပြင်းပြင်းထန်ထန် ဝေဖန်သွားတာဖြစ်ပါတယ်။ “ဒီတော့ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပြောသလို မြောက်ကိုရီးယားကို ဖျက်ဆီးပစ်ဖို့ နိုင်ငံတခုခုက တကယ်ပဲ အင်အားသုံးချင်နေတာဆိုရင်တော့၊ ဒါဟာ သွေဆာနေတဲ့ ပြောကြားချက်ပါ။ ကျနော့်အထင် ဒီလုပ်ရပ်ဟာ မီးနဲ့ကစားလိုက်တာဖြစ်သလို၊ တကယ့်အမှားကြီးတခုပါ။ ဒီပြဿနာကို ငြိမ်းချမ်းတဲ့ နိုင်ငံရေးနည်းလမ်း၊ သံတမန်ရေးနည်းလမ်းတွေကနေ ဖြေရှင်းနိုင်စေဖို့၊ စစ်ပွဲကို ရှောင်ရှားနိုင်မယ့် နည်းလမ်းအားလုံးကို ကျနော်တို့ လုပ်ဆောင်သွားမယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့က ပြောကြားသွားတာပါ။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက သူ့ရဲ့ နည်းပညာအဆင့်အမြင့်ဆုံး ဒုံးကျည်စမ်းသပ်မှုတခု ပြုလုပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ဟွာဆောင် ၁၅ လို့ အမည်ပေးထားတဲ့ ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ခဲ့တဲ့ ဗွီဒီယိုဖိုင်နဲ့ ဓာတ်ပုံတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်လွှင့်ပြသခဲ့ပါတယ်။ မြောက်ကိုရီးယားဒုံးကျည်ဟာ အမေရိကန်ရဲ့ ဘယ်ဧရိယာ နယ်နမိတ်ကိုမဆို နျူကလီးယားနဲ့ တိုက်ခိုက်နိုင်စွမ်းရှိတယ်ဆိုတဲ့ သဘောဆောင်နေပြီး နောက် ထပ်စမ်းသပ်မှု ၂ ကြိမ်၊ ၃ ကြိမ် ပြုလုပ်ပြီးပါက လက်တွေ့တိုက်ခိုက်နိုင်စွမ်းရှိတဲ့ အဆင့်ကို ရောက်လာနိုင်ဖွယ်ရှိတယ်လို့ အမေရိကန်အခြေစိုက် ကျွမ်းကျင်သူတွေက ပြောကြားသွားပါတယ်။
4 years Ago
Up