ရုရှားလေယာဉ်တွေဟာ ၂၄ နာရီအတွင်း ဆီးရီးယားနိုင်ငံထဲက အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွပစ်မှတ် ၄၉ နေရာကို လေကြောင်းကနေ ထိမှန်အောင် ပစ်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရက အောက်တိုဘာ ၁၉ ရက်နေ့မှာ ပြောပါတယ်။
ဆီးရီးယားနိုင်ငံတွင်း ရုရှားလေတပ်အုပ်စုက လေယာဉ်တွေဟာ ပျံတက်မှု ၃၃ ကြိမ်အတွင်း အိုင်အက်စ်တွေရဲ့ အခြေခံ အဆောက်အဦတွေနဲ့ ပံ့ပိုးမှု အင်္ဂါရပ်တွေကို တိတိကျကျ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ပြောခွင့်ရ အစ်ဂေါ ကိုနာရှန်ကို့ဗ်က သတင်းစာရှင်းလင်းပွဲမှာ မီဒီယာကို ပြောခဲ့တာပါ။
ရာဇဝတ်အုပ်စုတွေရဲ့ အမိန့်ပေးဌာန ၂ ခု၊ လက်နက်နဲ့ ခဲယမ်းမီးကျောက် သိုလှောင်ရုံ ၃ ခု၊ မြေအောက်ခံတပ် ၂ ခု၊ တောင်ပေါ်နဲ့ သစ်တောဒေသတွင်းက ပစ်စင် ၃၂ ခု၊ ဒုံးကျည်ပစ်စင်နဲ့ ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံ တခုတို့ကို ဖျက်ဆီးခဲ့တယ်လို့ အသေးစိတ် ဆက်ပြောပါတယ်။
အိဒလစ်ဘ်ခရိုင်ထဲက နတ်စ်ရာတပ်ဦးရဲ့ အမိန့်ပေးစခန်းကိုလည်း ပစ်ခတ် ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒမတ်စကတ်ခရိုင်တွင်း အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေ အကြီးအကျယ် ဆုတ်ခွာခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဆီးရီးယားနိုင်ငံအတွင်း ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှု စကတည်းက ဆီးရီးယား စစ်တပ်နဲ့ မဟာမိတ်တွေက အိုင်အက်စ် စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ နေရာတွေထက် သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအများအပြားကို ပြန်ရခဲ့တယ်လို့ ရိုက်တာစ် သတင်းဌာနက အစီရင်ခံပါတယ်။
5 years Ago