ရုရှားလေယာဉ်

June 25, 2019

ရုရှားလေတပ် လေယာဉ်တစီး ဗင်နီဇွဲလားလေဆိပ်ကို ဆင်းသက်ခဲ့

ဗင်နီဇွဲလားနိုင်ငံ အဓိကလေဆိပ်ကို ဇွန်လ ၂၄ ရက်နေ့က ရုရှားလေတပ် လေယာဉ်တစီး ဆင်းသက်ခဲ့တယ်လို့ ရိုက်တာ မျက်မြင်တဦးနဲ့ အဲဒီလေယာဉ် သွားလာမှုကို ခြေရာခံနေတဲ့ ဝက်ဆိုက်ဘ် အဆိုအရ သိရပါတယ်။ အမေရိကန်နဲ့ ရုရှားအစိုးရတို့အကြား စကားစစ်ထိုးပွဲဖြစ်တဲ့ လွန်ခဲ့တဲ့ ၃ လတုန်းကလည်း အခုလိုမျိုး ရုရှားစစ်လေယာဉ် ရောက်ရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လကလည်း ရုရှားကာကွယ်ရေး အရာရှိတွေနဲ့ တပ်ဖွဲ့ဝင် ၁၀၀ ခန့် လိုက်ပါလာတဲ့ စစ်လေယာဉ်နှစ်စီး ဗင်နီဇွဲလားမှာ ဆင်းသက်ခဲ့ပါတယ်။ ဒီအတွက် ရုရှားဟာ ဗင်နီဇွဲလားနိုင်ငံ အခြေအနေကို အဆင်ခြင်မဲ့ ပိုမိုဆိုးရွားအောင် လုပ်နေတယ်လို့ အမေရိကန်အစိုးရက စွပ်စွဲခဲ့ပါတယ်။ လေယာဉ်နံပါတ် RA-86496 နဲ့ အီလူရှင် ၆၂ ဂျက်လေယာဉ်ဟာ မိုင်ကယ်သီယာ လေဆိပ်မှာ ဆိုက်ကပ်ထားတာကို မြင်တွေ့ရတယ်လို့ ရိုက်တာမျက်မြင်တဦးက ဆိုပါတယ်။ အဲဒီ လေယာဉ်နံပါတ်ဟာ ရုရှားစစ်လေယာဉ်အဖြစ် မှတ်ပုံတင်ထားပြီး မတ်လတုန်းက လာရောက်တဲ့ လေယာဉ်နံပါတ်နဲ့ တူညီတယ်လို့ Flightradar 24 ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။ ဗင်နီဇွဲလားမှာရှိတဲ့ ရုရှားတပ်ဖွဲ့ဝင်အားလုံး ရုပ်သိမ်းဖို့ ပြီးခဲ့တဲ့ မတ်လတုန်းက အမေရိကန် သမ္မတက ညွှန်ကြားခဲ့ပါတယ်။ ဒါပေမယ့် ရုရှား နိုင်ငံခြားရေးဌာနကတော့ အဲဒီလေယာဉ်တွေဟာ လက်နက်အရောင်းအဝယ်စာချုပ်တွေ လုပ်ကိုင်တဲ့ ကျွမ်းကျင်သူတွေကိုပဲ တင်ဆောင်လာတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အခုလို ဗင်နီဇွဲလားလေဆိပ်မှာ ရုရှားစစ်လေယာဉ် ဆင်းသက်တာနဲ့ ပတ်သက်လို့ ဗင်နီဇွဲလား ပြန်ကြားရေးဌာနနဲ့ ရုရှား ကာကွယ်ရေးဌာနတို့က ချက်ချင်း မဖြေကြားခဲ့ပါဘူး။
3 years Ago

January 31, 2019

ရုရှားလေယာဉ် ဗင်နီဇွဲလားသို့ ရောက်ရှိလာမှုအပေါ် ကောလာဟလများ ပေါ်ထွက်

ခရီးသည် အယောက်လေးရာ တင်ဆောင်နိုင်တဲ့ ရုရှားလေယာဉ် ဘိုးရင်း ၇၇၇ တစီး ဗင်နီဇွဲလားမြို့တော် ကာရာကက်စ်ကို ပုံမှန်မဟုတ်ဘဲ ရောက်လာတဲ့အတွက် ကောလာဟလတွေ ပေါ်ထွက်နေပါတယ်။ ရုရှားအစိုးရက သူ့မဟာမိတ် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ပံ့ပိုးဖို့ ကတိပြုထားအပြီး လေယာဉ် ရောက်လာတာပါ။ ရုရှားရဲ့ နော့ဒ်ဝင်း လေကြောင်းလိုင်းပိုင် လေယာဉ်ဟာ မြို့တော် မော်စကိုကနေ တိုက်ရိုက် ပျံသန်းလာပြီး ဗင်နီဇွဲလားမြို့တော် လေဆိပ်ရဲ့ ပုဂ္ဂလိက ရပ်နားဧရိယာထဲမှာ ရပ်ထားတာကို လေကြောင်းလိုင်း ခြေရာခံ သတင်းအချက်အလက်တွေနဲ့ ရိုက်တာသတင်းဌာနက သတင်းဓာတ်ပုံတွေအရ သိရပါတယ်။ ဒါဟာ ဒီလမ်းကြောင်းကနေ ပထမဆုံး လာခဲ့တာလို့လည်း သတင်းအချက်အလက်တွေက ပြထားပါတယ်။ ဘာကြောင့် ဂျက်လေယာဉ်က ကာရာကက်စ်မြို့တော်ဆီ လာတာလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့ တောင်းဆိုချက်ကို ဗင်နီဇွဲလား အစိုးရကရော နော့ဒ်ဝင်း လေကြောင်းလိုင်းကပါ ချက်ချင်း မဖြေသေးပါဘူး။ ဒီလေယာဉ်ပေါ်မှာ ဝန်ထမ်း ၂ ယောက်သာ ပါပြီး ခရီးသည်မပါဘူးလို့ ရုရှားသတင်းစာ နိုဗာယာ ဂါဇေတာက အစီရင်ခံပါတယ်။ အရင်အပတ်က အတိုက်အခံ လူထုဆန္ဒပြပွဲတွေ ရင်ဆိုင်နေရချိန်မှာ မာဒူရိုရဲ့ လုံခြုံရေး အားဖြည့်ဖို့ ရုရှားအတွက် လျှို့ဝှက်စစ်ဆင်ရေး လှုပ်ရှားနေတဲ့ ပုဂ္ဂလိက စစ်ဘက်ကန်ထရိုက်တာတွေ ဗင်နီဇွဲလားနိုင်ငံကို ရောက်လာတယ်လို့ သူတို့နဲ့ နီးစပ်သူတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ မာဒူရိုကတော့ သူဟာ အမေရိကန် ကျောထောက်နောက်ခံ ပေးထားပြီး အတိုက်အခံ ခေါင်းဆောင် ဟွမ်မိုင်ဒို ဦးဆောင်တဲ့ အာဏာသိမ်းဖို့ ကြိုးစားမှုကို ရင်ဆိုင်နေရတယ်လို့ မာဒူရိုက ပြောပါတယ်။ အတိုက်အခံခေါင်းဆောင်နဲ့ လွှတ်တော်ဥက္ကဋ္ဌ ဟွမ်မိုင်ဒိုဟာ သူ့ကိုယ်သူ ကြားဖြတ်သမ္မတအဖြစ် အရင်အပတ်က ကြေညာခဲ့ပြီး ကနေဒါ၊ အမေရိကန်နဲ့ လက်တင်အမေရိကန် နိုင်ငံအများစု၊ အစ္စရေးအစိုးရတို့က သူ့ကို အသိအမှတ် ပြုခဲ့ကြပါတယ်။
3 years Ago
More News
Up