ရုရှားရေငုပ်သမားများ

January 28, 2016

ငါးမန်းများနှင့် ရေကူးကြသည့် ရုရှားရေငုပ်သမားများ (သတင်းဓာတ်ပုံ)

အသက် ၄၇ နှစ်အရွယ် ရုရှားနိုင်ငံသား ရေငုပ်သမား ဒီမီထရီဗက်ဆရာနိုဗစ်ဟာ ငါးမန်းဖြူတွေနဲ့ အုပ်စုလိုက် ရေငုပ်ကူးခတ်ခဲ့တဲ့ ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ခဲ့ပြီးတဲ့နောက်မှာ ရေပန်းစားနေပါတယ်။ သူတို့အုပ်စုဟာ မကြာသေးခင်က မက္ကဆီကိုနိုင်ငံ၊ ဘာဂျာကျွန်းဆွယ်အနီးက ဂွာတလုကျွန်းအနီးမှာ လှောင်အိမ်နှင့်အတူ ရေငုပ်စွန့်စားခရီးသွားချိန်မှာ ဒီပုံတွေကို ရိုက်ကူးခဲ့တာ ဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ လှောင်အိမ်နဲ့ ရေငုပ်ကူးခတ်တာဟာ အဲဒီဒေသရဲ့ ကျော်ကြားတဲ့ အားကစားနည်းတမျိုး ဖြစ်ပြီး သူတို့အုပ်စုဟာ “ဂွါတလု ငါးမန်းဖြူများ ခရီးသွားလုပ်ငန်း” ရဲ့ စီစဉ်မှုနဲ့ သွားရောက်ခဲ့ကြတာပါ။ ပုံတွေထဲမှာ ရေငုပ်သမားတွေဟာ တွဲလောင်းကျနေတဲ့ အသားတုံးတွေနဲ့အတူ ငါးမန်းတွေကို ဆွဲဆောင် မြှူဆွယ်နေတာကို အသည်းယားစရာ တွေ့ရပါတယ်။ ဒါကို တချို့ စောင့်ကြည့်လေ့လာသူတွေက ဝေဖန်မှုတချို့လည်း ရှိနေပြီး “ဂွါတလု ငါးမန်းဖြူများ ခရီးသွားလုပ်ငန်း” ကတော့ ဒီလှောင်အိမ်တွင်း ငါးမန်းတွေနဲ့ ရေငုပ်စွန့်စားမှု ခရီးစဉ်တွင်းမှာ ရေငုပ်သမားတွေရဲ့ လက်တွေ၊ ခြေထောက်တွေဟာ လှောင်အိမ်ထဲရှိနေရပြီး အခန်းတွင်း ကင်မရာတပ်ဆင်ထားကာ ငါးမန်းတွေကို အစာကျွေးတာမျိုးကိုလည်း ပြင်းပြင်းထန်ထန် တားမြစ်ထားတယ်လို့ သူ့ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ငါးမန်းတွေကို ထိတွေ့ကိုင်တွယ်တာ၊ အစာကျွေးတာတွေဟာ ရေငုပ်သမားတွေ အတွက်ရော ငါးမန်းတွေအတွက်ပါ ကြီးမားတဲ့ စွန့်စားမှုဖြစ်တာမို့ အစားအစာနဲ့ ပတ်သက်ပြီး လူတွေနဲ့ အကျွမ်းတ၀င် ဖြစ်လာစေဖို့ သင်ကြားပေးဖို့ လိုအပ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ခုလို ရေပန်းစားနေတဲ့ ဓာတ်ပုံတွေကြောင့် လှောင်အိမ်တွင်း ရေငုပ်စွန့်စားမှုခရီးစဉ်ရဲ့ ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး အချေအတင် ငြင်းခုံမှုတွေ မြင့်တက်လာနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သတင်းဓာတ်ပုံ - စီစီတီဗွီ  
7 years Ago
Up