ရုရှားအာဏာပိုင်များ

December 31, 2016

သံတမန်များ နှင်ထုတ်ခဲ့သည့် အမေရိကန်အပေါ် တုံ့ပြန်ရန် ပြင်ဆင်နေဟု ရုရှားအာဏာပိုင်များ ပြော

အမေရိကန်သမ္မတ ဘားရတ် အိုဘားမားက ရုရှားသံတမန်တွေကို နှင်ထုတ်ဖို့ ဆုံးဖြတ်ကြောင်း ကြေညာပြီး ဒဏ်ခတ်မှုအသစ် လုပ်တဲ့အပေါ် တုံ့ပြန်ဖို့ ပြင်ဆင်နေတယ်လို့ ရုရှားအာဏာပိုင်တွေက ဒီဇင်ဘာ ၃၀ ရက်မှာ ပြောလိုက်ပါတယ်။ အမေရိကန်အစိုးရဟာ ရုရှားသံတမန် ၃၅ ဦးကို နှင်ထုတ်ခဲ့တယ်၊ နယူးယောက်ပြည်နယ်နဲ့ မေရီလန်းပြည်နယ်တွေမှာရှိတဲ့ ရုရှားဆိုင်ရာ ပရိဝုဏ် ၂ ခုကိုလည်း ပိတ်ပစ်ခဲ့တယ်လို့ အမေရိကန် အကြီးတန်းအရာရှိတဦးက ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ပြောပါတယ်။ ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တခြား ရီပတ်ဘလစ်ကန်ပါတီက ကိုယ်စားလှယ်တွေကို ကူညီဖို့ အမေရိကန် နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တဦးချင်းကို ရုရှားက ဆိုက်ဘာ ဖောက်ထွင်းတိုက်ခိုက်ခဲ့တယ်၊ သတင်းအချက်အလက်တွေလည်း ပေါက်ကြားခဲ့တယ်၊ မော်စကိုမြို့တော်က အမေရိကန် သံအရာရှိတွေကိုလည်း နှောင့်ယှက်ခဲ့တယ်၊ အဲဒီအတွက် လက်တုံ့ပြန်တဲ့ လုပ်ဆောင်ချက်တွေကို အိုဘားမား အစိုးရက ဒီဇင်ဘာ ၂၉ ရက်နေ့က ကြေညာခဲ့တယ်လို့ အမေရိကန် အရာရှိ ၂ ဦးက ပြောပါတယ်။ ရုရှားသံတမန်တွေဟာ အမေရိကန်နိုင်ငံထဲကနေ ၇၂ နာရီအတွင်း ထွက်ခွာရမှာပါ။ ရုရှားအရာရှိတွေက ထောက်လှမ်းရေး သတင်းအချက်အလက် စုစည်းဖို့ သုံးတဲ့ ရိပ်သာ ၂ ခုကို ရုရှားအရာရှိအားလုံး ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲပိုင်းထိ အဝင်အထွက် မလုပ်ရဘူးလို့ အကြီးတန်း အမေရိကန် အရာရှိတဦးက ပြောခဲ့ပါတယ်။
5 years Ago
Up