ရုရှားအမျိုးသမီးငယ်

June 17, 2018

ရုရှားအမျိုးသမီးငယ်များ နိုင်ငံခြားသားများနှင့်မအိပ်သင့်ကြောင်း တောင်းဆိုချက် သမ္မတ ပယ်ချ

ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ရုရှားအမျိုးသမီးတွေ နိုင်ငံခြားသားတွေနဲ့ အိပ်တာကို ရှောင်ကျဉ်ဖို့ တောင်းဆိုမှုတွေကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပယ်ချခဲ့တယ်လို့ Mirror သတင်းမှာ ဖော်ပြပါတယ်။ ဒီတောင်းဆိုမှုကို အမျိုးသမီးနိုင်ငံရေးသမားတဦးက စတင်လိုက်တာပါ။ တာမာရာ ပလန့်ညိုဗာလို့ခေါ်တဲ့ အမျိုးသမီးနိုင်ငံရေးသမားက ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘာတ၀န်းလုံးက ဘောလုံးပရိသတ်တွေ၊ အထူးသဖြင့် လူမျိုးမတူတဲ့လူတွေနဲ့ ရုရှားအမျိုးသမီးတွေ တူတူအိပ်တာကို ရှောင်ကျဉ်ဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ ဒီတိုက်တွန်းမှုကြောင့် ရုရှားနိုင်ငံရေး အသိုင်းအဝိုင်းမှာ စိုးရိမ်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။ ဒီလို စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ ပူတင်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပတ်စ်ကော့ဗ်က ငြင်းဆန်လိုက်တာဖြစ်ပြီး “ဒီကိစ္စဟာ ကမ္ဘာ့ဖလားနဲ့ပတ်သက်စရာ မရှိဘူး” လို့ သူကပြောပါတယ်။ “ရုရှားအမျိုးသမီးတွေက သူတို့ကိစ္စကို သူတို့ကိုယ်တိုင် ကိုင် တွယ်ဖြေရှင်းနိုင်သူတွေဖြစ်တယ်” လို့လည်း သူက ဆက်လက်ပြောကြားပါတယ်။ တိုက်တွန်းမှုပြုလုပ်ခဲ့တဲ့ ပလန့်ညိုဗာဟာ ဆားဘီးယားနွယ်ဖွားဖြစ်ပြီး ရုရှားလွှတ်တော်ရဲ့ မိသားစုရေးဆိုင်ရာ ကော်မတီအကြီးအကဲလည်း ဖြစ်ပါတယ်။ သူမက ၁၉၈၀ မော်စကို အိုလံပစ်ပြိုင်ပွဲအပြီး ဖြစ်ပွားခဲ့တဲ့ သွေးရော ကလေးငယ်တွေ မွေးဖွားမှုကို ထောက်ပြပြီး ဒီလိုသတိပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီတောင်းဆိုမှုက ရုရှားနိုင်ငံရေးအသိုင်းအဝိုင်းအတွင်းမှာလည်း သဘောထားကွဲလွဲမှုတွေကို ဖြစ်စေပြီး Kaliningrad ခေါင်းဆောင် ရော်ဘီနော့ကတော့ ပလန့်ညိုဗာဟာ ဆိုဗီယက်ခေတ်ကို နောက်ပြန်ဆွဲနေသူဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဒီလိုဝေဖန်မှုတွေရှိပေမယ့်လည်း ချဲလ်ဆီးလ်ကစားသမားဟောင်း ယူရီဇာရီကော့ဗ်ရဲ့ ဇနီးသည် အင်နာကတော့ ရုရှားအမျိုးသမီးငယ်တွေ ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ရုရှားနိုင်ငံကို ရောက်လာတဲ့ နိုင်ငံခြားသားတွေနဲ့အိပ်တာကို ရှောင်ကျဉ်ရမယ်ဆိုတဲ့ တောင်းဆိုမှုကို ထောက်ခံတယ်လို့ ဆိုပါတယ်။
3 years Ago
Up