ရုရှားအတိုက်အခံခေါင်းဆောင်ကို သတ်ဖြတ်မှုဖြင့် သံသယရှိသူ ၅ ဦးကို စစ်ခုံရုံးထုတ်

March 28, 2017

ရုရှားအတိုက်အခံခေါင်းဆောင်ကို ရဲအမိန့်ဖီဆန်မှုဖြင့် ထောင်ဒဏ် ၁၅ ရက် ချမှတ်

မတ်လ ၂၆ ရက်နေ့က မော်စကိုမြို့တော် လူထုဆန္ဒပြပွဲမှာ ဖမ်းဆီးခံရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင်ကို ရဲအမိန့်ဖီဆန်မှုနဲ့ မတ်လ ၂၇ ရက်နေ့မှာ တရားရုံးက ထောင်ဒဏ် ၁၅ ရက် ချမှတ်လိုက်ပါတယ်။ မတ်လ ၂၆ ရက်က ရုရှားနိုင်ငံတဝန်း မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံရတဲ့ ဆန္ဒပြသူ ရာနဲ့ချီရှိခဲ့ပြီး အတိုက်အခံခေါင်းဆောင် အလက်စီ နာဗလ်ညီ (Alexei Navalny) လည်း ပါဝင်ခဲ့တာပါ။ အာဏာပိုင်တွေဆီ ခွင့်ပြုချက်မတောင်းဘဲ တရားမဝင် ဆန္ဒပြပွဲတွေ ဖော်ဆောင်မှုနဲ့လည်း အမေရိကန်ဒေါ်လာ ၃၅၀ ဒဏ်တပ်ခံရပါတယ်။ အစိုးရအတိုက်အခံတွေက ဒီဆန္ဒပြပွဲတွေကို ဖော်ဆောင်ပြီး လူထုကို တည်ဆဲတရားဥပဒေတွေ ချိုးဖောက်အောင်၊ အကြမ်းဖက်အောင် သွေးထိုးလှုံ့ဆော်တယ်လို့လည်း ရုရှားအစိုးရက စွပ်စွဲခဲ့ပါတယ်။ တချို့ ဆန္ဒပြလူငယ်တွေကို ဆန္ဒပြပွဲမှာပါဝင်ဖို့ ငွေပေးစည်းရုံးခဲ့တယ်လို့လည်း သမ္မတ ပြောခွင့်ရသူက စွပ်စွဲပြောဆိုပါတယ်။ အတိုက်အခံခေါင်းဆောင် နာဗလ်ညီဟာ အခုနောက်ပိုင်း ရုရှားဝန်ကြီးချုပ် ဒမီထရီ မက်ဗီဒက်ဖ် (Dmitry Medvedev) ကို အဂတိလိုက်စားမှုတွေနဲ့ အကြိမ်ကြိမ်စွပ်စွဲ ပြစ်တင်လာတာပါ။ ရုရှားအစိုးရ ထိပ်တန်းခေါင်းဆောင်တွေ အဂတိလိုက်စားမှုတွေဟာ မတ်လ ၂၆ ရက်က နိုင်ငံတဝန်း ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေရဲ့ အဓိကအကြောင်းရင်းတွေဖြစ်ခဲ့ပြီး မော်စကိုမြို့တော် အပါအဝင် တခြား ရုရှားမြို့ကြီး အတော်များများမှာ ဖြစ်ပွားခဲ့ပါတယ်။
5 years Ago

February 27, 2017

အသတ်ခံခဲ့ရသည့် ရုရှားအတိုက်အခံခေါင်းဆောင် ကွယ်လွန်ခြင်း ၂ နှစ်ပြည့် ချီတက်ပွဲကျင်းပ

၂၀၁၅ ခုနှစ်က ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်မှာ အသတ်ခံရတဲ့ အတိုက်အခံခေါင်းဆောင် ဘောရစ္စ နမ်ဆော့ဗ် (Boris Nemtsov) ကွယ်လွန်ခြင်း ၂ နှစ်ပြည့် ဝမ်းနည်းဖွယ်ချီတက်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က မော်စကိုမြို့တော်မှာ ကျင်းပခဲ့ကြပါတယ်။ ရုရှားဒီမိုကရက်အတိုက်အခံခေါင်းဆောင် ဘောရစ္စ နမ်ဆော့ဗ်ဟာ အရင်က ဒုတိယဝန်ကြီးချုပ်တဦးဖြစ်ခဲ့ဖူးပြီး သမ္မတ ပူတင်ကို အပြင်းအထန် ဝေဖန်တိုက်ခိုက်သူဖြစ်ပါတယ်။ အသတ်ခံရချိန်မှာ အသက် ၅၅ နှစ်အရွယ်ဖြစ်ပြီး ခရင်မလင်နန်းတော်အပြင်ဘက် ၂၀၁၅ ဖေဖော်ဝါရီလ တညနေမှာ လူတယောက်က အနီးကပ် ပစ်သတ်သွားတာပါ။ နမ်ဆော့ဗ်ကို ပစ်သတ်မှုနဲ့ပတ်သက်ပြီး ချေချင်းညှာဒေသခံ ၅ ဦးကို ဖမ်းဆီးရုံးတင်ထားပြီး သူတို့တွေကတော့ နမ်ဆော့ဗ်ကို သတ်ဖြတ်မှုနဲ့ ပတ်သက်မှုမရှိဘူးလို့ ငြင်းဆန်ထားပါတယ်။ နမ်ဆော့ဗ်ရဲ့ မိသားစုဝင်တွေကတော့ နောက်ကွယ်က သတ်ဖို့ခိုင်းသူကို ဘယ်တော့မှ ဖမ်းမိမှာမဟုတ်ဘူးဆိုပြီး စိုးရိမ်နေကြတာပါ။ နမ်ဆော့ဗ်ဟာ အသတ်မခံရခင် ရေဒီယိုသတင်းဌာနတခုမှာ ရုရှားပြည်သူတွေ အစိုးရကို ဆန့်ကျင်ဆန္ဒပြကြဖို့ တိုက်တွန်းခဲ့တာပါ ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျူးကျော်သိမ်းပိုက်မှုနဲ့ပတ်သက်ပြီး သမ္မတပူတင်ကို အပြင်းအထန် ဆန့်ကျင်ဝေဖန်ခဲ့ပြီး အဲ့ဒါကြောင့် အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ခံရတယ်၊ စီးပွားရေး ကျပ်တည်းရတယ်လို့ နမ်ဆော့ဗ်က ပြောဆိုပါတယ်။ ယူကရိန်းအရှေ့ပိုင်း ခွဲထွက်ရေး ပဋိပက္ခတွေမှာ ရုရှားအစိုးရ ပါဝင်ပတ်သက်မှု လျှို့ဝှက်ချက်ကို ဖွင့်ချဖို့ ပြင်ဆင်နေချိန်မှာ အသတ်ခံရတာလည်း ဖြစ်ပါတယ်။ အခုလို နမ်ဆော့ဗ်ကို ထောက်ခံချီတက်ပွဲတွေဟာ စိန့်ပီတာဘတ်နဲ့ တခြား ရုရှားမြို့ကြီးတွေမှာလည်း ကျင်းပခဲ့ကြပါတယ်လို့ ဆိုပါတယ်။
5 years Ago
Up