ရုရှားအတိုက်အခံခေါင်းဆောင်

February 25, 2019

ပစ်သတ်ခံရသည့် ရုရှားအတိုက်အခံခေါင်းဆောင် အမှတ်တရချီတက်ပွဲ လူထောင်ချီ တက်ရောက်

ရုရှားနိုင်ငံ မြို့တော် မော်စကိုက မြို့လယ်မှာ ထောင်နဲ့ချီတဲ့လူတွေ ဖေဖော်ဝါရီ ၂၄ ရက်က စုရုံးခဲ့ကြပြီး ၂၀၁၅ ခုနှစ်က အတိုက်အခံခေါင်းဆောင် ဘောရစ္စ နမ်ဆော့ဗ် ပစ်သတ်ခံရတဲ့ အမှတ်တရ ချီတက်ပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက အသတ်ခံရတဲ့ နိုင်ငံရေးသမားရဲ့ ပုံတူပိုစတာတွေကို ကိုင်ဆောင်ခဲ့ပါတယ်။ "ကျေန်ာတို့ဟာ ရုရှားကို လူလိမ်လူညစ်တွေရဲ့ လက်ထဲကို ပေးခဲ့ပြီးပြီ၊ အခု ပြန်ယူဖို့ အချိန်ကျပြီ" လို့ ရေးထားတဲ့ စာတမ်းပိုစတာကို ကိုင်ဆောင်ရင်း ချီတက်ခဲ့ကြပါတယ်။ ကရင်မလင်နန်းတော်ရဲ့ မြောက်ဘက် တမိုင်မပြည့်တဲ့ အကွာအဝေးမှာ ရှိနေတဲ့ ရိပ်သာလမ်း ချီတက်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက်က လူတသောင်းခြောက်ရာလောက် စုရုံး တက်ရောက်ခဲ့တယ်လို့ White counter အဖွဲ့က ပြောပါတယ်။ စိန့်ပီတာစဘတ်မြို့မှာလည်း ဆန္ဒပြပွဲတခု စတင်ခဲ့ပါတယ်။ "ဗလာဒီမီယာပူတင် လုပ်နေတဲ့ မူဝါဒတွေကို ရုရှားနဲ့ မော်စကိုက လူအများအပြားက သဘောတူနေတာ မဟုတ်ဘူးဆိုတာကို ပြဖို့က ဒီချီတက်ပွဲရဲ့ ပန်းတိုင်ပါ။ ဒါဟာ ပူတင်ကို ဆန့်ကျင်တဲ့ နိုင်ငံရေးဆန္ဒပြပွဲပါ။ လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျတဲ့ ရုရှားအတွက်ပါ" လို့ အတိုက်အခံ နိုင်ငံရေးသမား အီလီယာ ယာရှင်က ပြောပါတယ်။ အသတ်ခံရသူ နမ်ဆော့ဗ်ဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို နှုတ်နဲ့ အဝေဖန်ဆုံးသူတွေထဲက တယောက်ပါ။ သူဟာ ယူကရိန်းက ပဋိပက္ခတွေအတွင်း ရုရှားပါဝင်တဲ့ အခန်းကဏ္ဍကို စစ်ဆေးနေတဲ့ အစီရင်ခံစာတစောင်အတွက် အလုပ်လုပ်နေချိန် အသက် ၅၅ နှစ်အရွယ်မှာ ကရင်မလင် နန်းတော်နားက တံတားကို ဖြတ်လျှောက်နေတုန်း အသတ်ခံခဲ့ရပါတယ်။ သူအသတ်ခံရလို့ အတိုက်အခံ အဝန်းအဝိုင်းအတွင်း စိတ်ဓာတ်ကျသွားခဲ့ကြတာပါ။ "ဒီလူသတ်မှုဟာ တာဝန်ခံမှုကို အချက်ပြတဲ့ ကြီးမားထင်ရှားတဲ့ နိုင်ငံရေးပွဲပါ။ နိုင်ငံရေးအရ တာဝန်ရှိမှုဟာ ဗလာဒီမီယာပူတင်အပေါ် ကျရောက်နေတယ်။ ဘာလို့လဲဆိုတော့ နမ်ဆော့ဗ်ဟာ သူ့ရဲ့အတိုက်အခံ ဖြစ်နေလို့ပဲ" လို့ အတိုက်အခံ နိုင်ငံရေးသမား ဂရီဂိုရီ ယာ့ဗ်လင်စကီက ပြောပါတယ်။ နမ်ဆော့ဗ်ကို သတ်မှုအတွက် တရားရုံးက အမျိုးသားတဦးကို ထောင်ဒဏ် နှစ် ၂၀ နဲ့ တခြားယောက်ျားလေးဦးကိုတော့ ကြံရာပါအဖြစ် ထောင်ဒဏ် ၁၁ နှစ်ကနေ ၁၉ နှစ်ကြား အသီးသီး ချမှတ်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေဟာ ဟန်ပြသာဖြစ်ပြီး လုပ်ကြံဖို့ အမိန့်ပေးသူကတော့ လွတ်မြောက်နေတယ်လို့ သေဆုံးသူရဲ့ မဟာမိတ်တွေက အဲ့ဒီအချိန်မှာ ပြောခဲ့ကြပါတယ်။
3 years Ago

October 14, 2018

ရုရှားအတိုက်အခံခေါင်းဆောင် ထောင်မှပြန်လွတ်လာ

ရုရှားအတိုက်အခံခေါင်းဆောင် အဲလက်ဆီနာဗယ်ညီဟာ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ထောင်ကနေ လွတ်မြောက်လာခဲ့ပါတယ်။ နာမယ်ညီဟာ ပြီးခဲ့တဲ့လက တရားမ၀င် ဆန္ဒပြပွဲ စီစဉ်မှု စွဲချက်တွေနဲ့ ရက် ၂၀ ကြာ အကျဥ်းကျနေခဲ့တာဖြစ်ပါတယ်။ ထောင်က လွတ်မြောက်လာသူ နာဗယ်ညီက အကျဉ်းကျနေတဲ့ ရက်တွေ  အတွင်းမှာ ရုရှားအစိုးရ ယိုယွင်းပျက်စီးနေတဲ့ အထောက်အထား အများကြီးကို မြင်တွေ့ခဲ့ရတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ နာဗယ်ညီက နိုင်ငံခြားထောက်လှမ်းရေးကနေ အာကာသလုပ်ငန်းအထိ ရုရှားအစိုးရဟာ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေတယ်လို့ ဆိုပါတယ်။ နောက်ပြီး နာဗယ်ညီက အခုလို ဖမ်းဆီးတာတွေဟာ မနှစ်မျို့ဖွယ် ဖြစ်ပေမယ့် သူတို့ကို တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
More News
Up