ဗြိတိန်မှာ ရုရှားထောက်လှမ်းရေးဟောင်းတဦး အဆိပ်နဲ့ လုပ်ကြံခံရတာကို တုံ့ပြန်တဲ့အနေနဲ့ ကနေဒါက ရုရှားသံတမန်တွေကို နိုင်ငံက မောင်းထုတ်လိုက်ပါတယ်။
ရုရှားကို အမေရိကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ အရေးယူမှုမှာ ပူးပေါင်းပါဝင်တဲ့အနေနဲ့ ရုရှားသံတမန် လေးဦးကို နိုင်ငံက မောင်းထုတ်မယ်လို့ ကနေဒါက မတ်လ ၂၆ ရက်နေ့မှာ ပြောကြားခဲ့တာပါ။ သံရုံးဝန်ထမ်းထပ်တိုးဖို့ ရုရှားရဲ့ လျှောက်လွှာသုံးခုကိုလည်း ကနေဒါက ပယ်ချလိုက်ပါတယ်။
“ကောင်းပါတယ်။ ကျနော်တို့ရဲ့ မဟာမိတ်နိုင်ငံတွေနဲ့ အခုလို ပူးပေါင်းဆောင်ရွက်တာကို ကျနော်တို့ အားပေးပါတယ်။ ဗြိတိန်က သူတို့ရဲ့မြေပေါ်မှာ အခုလို တိုက်ခိုက်မှုအတွက် ရုရှားကို သံတမန်နည်းအရ တုံ့ပြန်ခဲ့ပါတယ်။ ကနေဒါ၊ ဥရောပနဲ့ အမေရိကန်လို တခြား မဟာမိတ်နိုင်ငံတွေကလည်း အလားတူ တုံ့ပြန်ခဲ့ကြပါတယ်။ ကျနော်ကတော့ အခုလိုလုပ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဒါက ရုရှားရဲ့ ရန်လိုတဲ့ အပြုအမူတွေထဲက အစိတ်အပိုင်းတခုပါ။ ဒါကြောင့် ဒီလိုလုပ်တာကို ကျနော်တို့ ထောက်ခံပါတယ်” လို့ ကနေဒါလွှတ်တော် ကွန်ဆာဗေးတစ် အမတ်တဦးက ပြောကြားခဲ့တာပါ။
ကနေဒါလွှတ်တော် လစ်ဘရယ်အမတ်တဦးကလည်း “နိုင်ငံတကာစံနှုန်းနဲ့ ဥပဒေကို အလွဲသုံးစားလုပ်တာ ကျနော်တို့အနေနဲ့ သည်းမခံနိုင်ပါဘူး။ ဒါကို ရုရှားက နားလည်ဖို့ အခုလိုအရေးယူမှုက သိပ်ကို အရေးပါပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ကနေဒါနိုင်ငံက မောင်းထုတ်မယ့် ရုရှားသံတမန်လေးဦးဟာ အော်တဝါမြို့ ရုရှားသံရုံး ဒါမှမဟုတ် မွန်ထရီရယ်မြို့ ရုရှားကောင်စစ်ဝန်ရုံးက ဖြစ်လိမ့်မယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရစ္စတီယာ ဖရီးလန်းက ပြောကြားခဲ့ပါတယ်။
5 years Ago