ရုရှားသို့သွားရောက်

September 16, 2017

တရုတ်ရေတပ်သင်္ဘောအုပ်စုကြီး ပူးတွဲစစ်ရေးလေ့ကျင့်ရန် ရုရှားသို့သွားရောက်

by dvburma တရုတ်ရေတပ် သင်္ဘောအုပ်စု တစုဟာ တစုရှိမ ရေလက်ကြားကိုဖြတ်ပြီး စက်တင်ဘာ ၁၅ ရက်နေ့က ရုရှားနိုင်ငံ ဗလာဓီဗိုစတော့ခ်မြို့ကို သွားရောက်ခဲ့ပါတယ်။ တရုတ်ရေတပ် သင်္ဘောစုဟာ ရုရှား ရေတပ်နဲ့အတူ ပူးတွဲ စစ်ရေးလေ့ကျင့်ဖို့ စီစဉ်ထားတဲ့ အတိုင်း သွားရောက်ခဲ့တာပါ။ ရေတပ်သင်္ဘောအုပ်စုရဲ့ ဖွဲ့စည်းပုံအရ ဒုံးကျည်သုံး ဖျက်သင်္ဘော ရှိကျားကျွမ်း၊ ဒုံးကျည်သုံး တိုက်သင်္ဘော တာ့ချင်၊ ထောက်ပံ့ရေး သင်္ဘော တုန်းပင်းဟူနဲ့ ရေငုပ် ကယ်ဆယ်ရေး သင်္ဘော ချန်းဒေါင်တို့ ပါပါတယ်။ သင်္ဘောအုပ်စုထဲမှာ သင်္ဘောပေါ်မှာ အဆင်းအတက် လုပ်နိုင်တဲ့ ရဟတ်ယာဉ်တွေနဲ့ ပျက်စီးနစ်မြုပ်သွားတဲ့ ရေငုပ်သင်္ဘောတွေကို ဆယ်တင်နိုင်တဲ့ ယာဉ်တွေလည်း ပါပါတယ်။ စစ်ရေးလေ့ကျင့်မှုတွေကို ဂျပန်ပင်လယ်နဲ့ အာ့က်ခ်ဟို့ခ်စ်ပင်လယ်တို့မှာ လေ့ကျင့်မှာပါ။ ဒါဟာ ရုရှားနဲ့ တရုတ်ကြား နှစ်စဉ် ကျင်းပနေကျ ပူးတွဲ ရေတပ် စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။ လေကြောင်းရန် ကာကွယ်ရေး၊ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးနဲ့ ရေကြောင်းတိုက်ခိုက်မှုတွေကို လာမယ့် ရက်တွေမှာ လေ့ကျင့်မယ်၊ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ချောမွေ့ရေး၊ ခိုင်မာတဲ့ အုတ်မြစ်ဖြစ်ဖို့ တကယ့်တိုက်ခိုက်လေ့ကျင့်မှု စွမ်းရည် တိုးတက်အောင် လုပ်ဖို့ ရည်ရွယ်တယ်လို့ တရုတ်ရေတပ်မဟာရဲ့ ရေကြောင်းအရာရှိ ကျုံးယုံက ပြောပါတယ်။ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပထမပိုင်းကို ဘောလ်တစ်ပင်လယ်ထဲမှာ လေ့ကျင့်ခဲ့ပြီးပါပြီ။ တစုရှိမ ရေလက်ကြားဟာ ဂျပန်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ် အကြား ဆက်သွယ်ထားတဲ့ ဝင်ပေါက်ပါ။ ရှေးခေတ်တည်းက အိမ်နီးချင်းနိုင်ငံတွေကြား ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှု ဖလှယ်ရေးအတွက် အရေးပါတဲ့ လမ်းကြောင်းလည်း ဖြစ်ပါတယ်။
4 years Ago
Up