ရုရှားသမ္မတ ပြော

February 10, 2018

ဒဏ်ခတ်ပိတ်ဆို့မှု ခေတ်ကုန်သွားပြီဟု ရုရှားသမ္မတ ပြော

ဒဏ်ခတ်ပိတ်ဆို့မှုတွေက ခေတ်ကုန်သွားပြီဖြစ်ပြီး ရလဒ်ပြောင်းပြန် ထွက်လိမ့်မယ်လို့ ရုရှားသမ္မတ ပူတင်က ရုရှား စီးပွားရေးသမားတွေကို ပြောလိုက်ပါတယ်။ အနောက်နိုင်ငံတွေက ရုရှားအပေါ် စီးပွားရေး ဒဏ်ခတ်မှုဟာ နောက်ဆုံး သူတို့ပဲ ပြန်ပြီး ဒဏ်ထိလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ပြောပါတယ်။ မြို့တော်မော်စကိုမှာ ကျင်းပပြီး နိုင်ငံပေါင်းစုံက စီးပွားရေး အထက်တန်းလွှာတွေ တက်ရောက်တဲ့ ညီလာခံ မိန့်ခွန်းမှာ ခုလို ထည့်ပြောလိုက်တာပါ။ “အတုအယောင် ကန့်သတ်ချက်တွေ ပါတဲ့ မူဝါဒတွေဟာ နိုင်ငံတကာ ဆက်ဆံရေးမှာတော့ အဆုံးသတ်ပဲ။ အခွင့်အရေးတွေ ဆုံးရှုံးရုံတင်မကဘူး၊ မူဝါဒကို တင်သွင်း အသက်သွင်းသူတွေ အပါအဝင် အားလုံး တိုက်ရိုက် ဆုံးရှုံးမှုပဲ အဖြေထွက်မှာပဲ။” “နည်းပညာ တိုးတက်မှု လှိုင်းသစ်တွေက ကမ္ဘာ့ စီးပွားရေး အခင်းအကျင်းကို သိသိသာသာ ပြောင်းပေးနေတယ်၊ ပြိုင်ဆိုင်မှုက တိုးလာမှာပဲ၊ ကုန်စည်နဲ့ ဝန်ဆောင်မှု ဈေးကွက်သစ်တွေ ပေါ်လာမယ်၊ ခေါင်းဆောင်သစ်တွေ ပေါ်လာမယ်၊ ဒီအခြေအနေမှာ ပြိုင်ဘက်တွေက ပွဲခံနေမှာ မဟုတ်ဘူး၊ ကမ္ဘာ့စီးပွားရေးရဲ့ အကျိုးစီးပွားထဲမှာ ကျနော်တို့ မိတ်ဖက် အားလုံးနဲ့အတူ ရှေ့ဆက်သွားမယ်” လို့ ပူတင်က ပြောပါတယ်။ ရုရှားအစိုးရနဲ့ နီးစပ်သြဇာရှိတဲ့ စီးပွားရေးသမားများ စာရင်းကို အမေရိကန်က ပြုစုတဲ့ အကြောင်းကိုလည်း ပူတင်က ဆွေးနွေးတယ်လို့ ရုရှား စက်မှုနဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ သမဂ္ဂ အကြီးအကဲကို ကိုးကားပြီး RIA သတင်းဌာနက အစီရင်ခံပါတယ်။ မနှစ် သြဂုတ်လမှာ လက်မှတ်ထိုးပြီး ဥပဒေပြုခဲ့တဲ့ ဒဏ်ခတ်မှု အစိတ်အပိုင်းအနေနဲ့ ဒီစာရင်းကို ပြုစုတာပါ။ စာရင်းထဲမှာ ပါတဲ့လူတွေ ဒဏ်ခတ်ခံရမယ်လို့ မဆိုလိုဘူး။ ဒါပေမယ့် ချမ်းသာတဲ့ ရုရှားနိုင်ငံသားတွေရဲ့ ပိုကျယ်ပြန့်တဲ့ အဝန်းအဝိုင်းမှာ စီးပွားရေး ဒဏ်ခတ်ခံရမယ့် အရိပ်အယောင်တွေတော့ ပါနေတယ်လို့ ရိုက်တာ သတင်းဌာနက သုံးသပ် အစီရင်ခံပါတယ်။
3 years Ago
Up