ရုရှားသမ္မတကို

October 8, 2017

ရုရှားသမ္မတကို ဆန့်ကျင်ဆန္ဒပြသူများ ဖမ်းဆီးခံရ

ရုရှားနိုင်ငံအတွင်း သမ္မတ ဗလာဒီ ပူတင်ကို ဆန့်ကျင်ရေး စီတန်းလှည့်လည်ပွဲအတွင်း လူ ဒါဇင်ပေါင်းများစွာကို ရဲတွေက အောက်တိုဘာ ၇ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ နိုင်ငံအလယ်ပိုင်း ယူရယ်တောင်တန်းရဲ့ ခြေရင်းက စက်မှုမြို့ ယေကာ ချရင်းဘာ့ဂ်မြို့မှာ ရုရှား အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်နီကို ထောက်ခံသူ ရာပေါင်းများစွာဟာ မြို့လယ်မှာ စုရုံးဆန္ဒပြခဲ့ကြတာပါ။ “ပူတင်ဟာ သူခိုးပဲ၊ ပူတင်ရေ ကာတာလိုးနီးယားကို သွားလိုက်တော့” စတဲ့ စာတွေကို ရေးထားတဲ့ လက်ကိုင်ပိုစတာတွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။ ပူတင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ မီတာအနည်းငယ် ဝေးတဲ့နေရာမှာ လူအုပ်စုတစုက ကာတာလိုးနီးယားအလံတွေကို ဝှေ့ယမ်းနေပါတယ်။ “အတိုက်အခံတွေရဲ့ ဆန္ဒပြမှုကို တားမြစ်ပိတ်ပင်တဲ့ အကြောင်းရင်းက ရှင်းပါတယ်။ ကာတာလိုးနီးယားအလံတွေနဲ့ လူတွေ ရှိနေတယ်။ ဒါဟာ ဆန္ဒပြပွဲကို တားမြစ်ဖို့ ဒီကိုလာခိုင်းတာ ခံရတဲ့သူတွေဆိုတာ ရှင်းနေတယ်” လို့ အတိုက်အခံ တက်ကြွလှုပ်ရှားသူ တယောက်က ပြောပါတယ်။ နာဗယ်နီကို ထောက်ခံသူ ၂၄ ယောက် အဖမ်းခံရတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။ ရုရှားရဲတွေဟာ နိုင်ငံတလွှားမှာ အောက်တိုဘာ ၇ ရက်အစောပိုင်းက အတိုက်အခံ တက်ကြွလှုပ်ရှားသူ အယောက် ၁၀၀ ကျော်ကို ဖမ်းခဲ့တာပါ။ မတ်လမှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲ မတိုင်မီ အတိုက်အခံ ခေါင်းဆောင် အလက်ဇီ နာဗယ်နီကို ထောင်ချ ထားပါတယ်။ “ဆန္ဒပြမှု အများစုဟာ တရားမဝင်ဘူး၊ ဘာလို့လဲဆိုတော့ ဆန္ဒပြခွင့်ကို ကြိုတင် လျှောက်ထားပြီး တရားဝင် အတည်ပြုချက် ဆန္ဒပြသူတွေမှာ မရှိဘူး” လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
4 years Ago
Up