ရုရှားသတင်းထောက်

June 13, 2019

မူးယစ်မှုဖြင့် ဖမ်းဆီးခံထားရသည့် ရုရှားသတင်းထောက် ပြန်လွတ်

အဂတိလိုက်စားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုဆိုင်ရာ ရုရှားသတင်းထောက် အိုင်ဗန် ဂိုလူနော့ဗ်ဟာ မြို့တော် မော်စကို ရဲအချုပ်ကနေ ဇွန်လ ၁၁ ရက်က ပြန်လွတ်လာပါတယ်။ သူကတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး သတင်းတွေကို ဆက်ပြီး ဖော်ထုတ်ရေးသားသွားမယ်လို့ ပြောပါတယ်။ သူ့အပေါ် စွဲဆိုထားတဲ့ မူးယစ်ဆေးဖြန့်ဖြူးမှု စွဲချက်ကို ရဲက ရုတ်တရက် ပြန်ရုပ်သိမ်းခဲ့တာပါ။ သူ့ကို ဖမ်းခဲ့တဲ့အတွက် လုပ်ဖော်ကိုင်ဘက် သတင်းထောက်တွေနဲ့ ထင်ရှားတဲ့ လူထုခေါင်းဆောင် အတော်များများက ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။ ရဲအချုပ်ကနေ ထွက်လာတဲ့ ဂိုလူနော့ဗ်ကို အဆာက်အဦ အပြင်ကနေ စောင့်နေတဲ့ သတင်းထောက် ရာပေါင်းများစွာနဲ့ ထောက်ခံသူတွေက ကောင်းချီးပေးခဲ့ပါတယ်။ ဂိုလူနော့ဗ်ကတော့ အလားတူ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ အမှုတွေ ဘယ်သူမှ ထပ်မကြုံစေဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ အသက် ၃၆ နှစ်အရွယ် ဂိုလူနော့ဗ်ဟာ မူးယစ်ဆေးဖြန့်ဖြူးမှု တခုအတွက် စုံစမ်းနေတုန်း သတင်းရင်းမြစ်တရပ်နဲ့ တွေ့ဖို့ သွားရင်း ဇွန်လ ၆ ရက်က မော်စကိုမြို့လယ်မှာ အဖမ်းခံရတာပါ။ သူ့ကို အကြီးစား မူးယစ်ဆေး ရောင်းဝယ်မှုနဲ့ စွပ်စွဲထားပြီး ၂ လကြာ ရမန်ထုတ် ထိန်းသိမ်းထားဖို့ စုံစမ်းစစ်ဆေးသူတွေက တရားရုံးကို တောင်းဆိုခဲ့ပါတယ်။ အဲဒီတောင်းဆိုချက်ကို တရားရုံးက ပယ်ချခဲ့ပြီး နေအိမ်အကျယ်ချုပ် ၂ လပြစ်ဒဏ်ကို ဇွန်လ ၈ ရက်က စီရင်ချက်ချခဲ့ပါတယ်။ သူ့ကျောပိုးအိတ်ထဲမှာ တရားမဝင် မူးယစ်ဆေးတွေ တွေ့တယ်လို့ ရဲနဲ့ သူ့အလုပ်ရှင်ဖြစ်သူ လတ်ဗီးယားနိုင်ငံအခြေစိုက် မေဒူဇာ အွန်လိုင်းသတင်းဌာနတို့က ပြောပေမယ့် ဂိုလူနော့ဗ်ကတော့ စွဲချက်ကို ငြင်းပါတယ်။ ဂိုလူနော့ဗ်ရဲ့ ရှေ့နေကတော့ သူ့အမှုသည်ကို ရဲတွေက အမှုဆင်ဖို့ မူးယစ်ဆေးထည့်ပြီး ထောင်ဖမ်းတာလို့ ယုံတယ်၊ သူဟာ ကိုယ်ထိလက်ရောက်လည်း အရိုက်ခံထားရတယ်လို့ ပြောပါတယ်။ ရှေ့နေကလည်း မော်စကိုမြို့တော် အရာရှိတွေကြား အဂတိလိုက်စားမှု စွဲချက်တွေကို စုံစမ်းစစ်ဆေးတဲ့ နေရာမှာ လူသိများသူ ဖြစ်ပါတယ်။
3 years Ago

June 1, 2018

ရုရှားသတင်းထောက်ကို သတ်ရန်ကြံစည်မှုဖြင့် သံသယရှိသူတဦးအား ဖမ်းဆီး

ရုရှားသတင်းထောက်ဘက်ဘ်ချန်ကို ကို သတ်ဖြတ်ရန်ကြံစည်မှုနဲ့ သံသယရှိသူတဦးကို ယူကရိန်းလုံခြုံရေးတပ်ဖွဲ့က မေလ ၃၀ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ကို နှစ်လထိန်းသိမ်းထားဖို့ ကိယက်ဗ်တရားရုံးက မေလ ၃၁ ရက်နေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။ အဖမ်းခံထားရသူကတော့ လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ ပူးတွဲပိုင်ရှင်တဦးဖြစ်တဲ့  ဘော်ရစ်ဟဲမွန့် ဖြစ်ပါတယ်။ ဟဲမွန့်က သူ့အနေနဲ့ သတင်းထောက် ဘက်ဘ်ချန်ကိုကို သတ်ဖြတ်ဖို့ ရည်ရွယ်ချက်မရှိကြောင်းနဲ့ သူဟာ ယူကရိန်း အကျိုးစီးပွားအတွက် လုပ်ဆောင်တာဖြစ်ကြောင်း  ထွက်ဆိုခဲ့ပါတယ်။ ကရင်မလင်နဲ့ နီးစပ်သူတဦးက ဘက်ဘ်ချန်ကိုကို သတ်ပေးဖို့ သူ့ကို ဆက်သွယ်လာပေမယ့် သူဟာ ယူကရိန်းအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး တန်ပြန်ထောက်လှမ်းခဲ့တာ ဖြစ်တယ်လို့ ဟဲမွန့်က ပြောကြားခဲ့ပါတယ်။ ယူကရိန်းအစိုးရ ရှေ့နေတွေကတော့ ဘက်ဘ်ချန်ကိုကိုသတ်ဖို့အတွက် ဟဲမွန့်ကို ဒေါ်လာ ၁၅,၀၀၀ ပေးခဲ့တဲ့ သက်သေအထောက်အထား ရထားတယ်လို့ ဆိုပါတယ်။ အခုလို ဟဲမွန့်ကို နှစ်လထိန်းသိမ်းဖို့ အမိန့်ချမှတ်လိုက်တဲ့အပေါ် အယူခံဝင်သွားမှာ ဖြစ်တယ်လို့ ဟဲမွန့်ရဲ့ ရှေ့နေတဦးက ပြောကြားခဲ့ပါတယ်။
4 years Ago
Up