ရုရှားနိုင်ငံတောင်ပိုင်း ကရက်စ်နိုဒါဒေသမှာ သြဂုတ် ၂၅ ရက်နေ့က ဘတ်စ်ကားတစီး ပင်လယ်နက်ထဲကို ထိုးကျခဲ့လို့ လူအနည်းဆုံး ၁၇ ဦး သေဆုံးတယ်လို့ ရုရှား သတင်းဌာနတွေက အစီရင်ခံပါတယ်။
လူအယောက် ၁ ဒါဇင် ကျော်လည်း ဒဏ်ရာရခဲ့ပြီး သူတို့ထဲက ၅ ယောက်က ဒဏ်ရာ ပြင်းထန်တယ်လို့ အင်တာဖက်စ်သတင်းဌာနက အရေးပေါ် ဝန်ကြီးဌာနကို ကိုးကား အစီရင်ခံပါတယ်။
ဘတ်စ်ကားပေါ်မှာ လူ ၄၅ ယောက် ပါပြီး မီတာအတော်များများ မြင့်တဲ့ ဆိပ်ခံတံတားပေါ်ကနေ ထိုးကျခဲ့တာပါ။
ဒီဆိပ်ခံဟာ ပင်လယ်နက် ကမ်းရိုးတန်းက ရေနံတင်ပို့တဲ့ အခြေခံ အဆောက်အဦရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။
ကားရဲ့ ဘရိတ်စနစ်က ချို့ယွင်းချက်ကြောင့် ဖြစ်ပုံရတယ်လို့ အိုတေကို ဆိပ်ကမ်း ဝန်ဆောင်မှု ကုမ္ပဏီက ပြောပါတယ်။
မတော်တဆမှု ဘာကြောင့် ဖြစ်ရတယ်ဆိုတာကို စုံစမ်းစစ်ဆေးပြီးပြီလို့ ရုရှားစုံစမ်း စစ်ဆေးရေး ကော်မတီက ပြောပါတယ်။
လှေ ၂ စီးပေါ်က ရေငုပ်သမား အုပ်စုတစုဟာ ဆိပ်ခံတံတားအောက်က ရေပြင်မှာ ရှာဖွေနေပြီး ဘတ်စ်ကား အပျက်ကို ပြန်ဆယ်နေပုံ ဓာတ်ပုံတွေကို အရေးပေါ် ဝန်ကြီးဌာနက သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြပါတယ်။
ဒီဖြစ်ရပ်မှာ လုံခြုံရေး စည်းမျဉ်းတွေ နဲ့ ယာဉ်စည်းကမ်းတွေ ချိုးဖောက်မှု ရှိမရှိ ဆိုတာ အစိုးရ စုံစမ်းစစ်ဆေးသူတွေကို စစ်ဆေးနေပါတယ်။
5 years Ago