ရုရှားတိုက်တွန်း

April 6, 2018

စပိုင်ဟောင်း တိုက်ခိုက်ခံရသည့်ကိစ္စ ဗြိတိန်စုံစမ်းမှု တရားဝင်ထုတ်ပြန်ပေးရန် ရုရှားတိုက်တွန်း

  အာရုံကြောအဆိပ်ဖြင့် တိုက်ခိုက်ခံရတဲ့ ရုရှားစပိုင်ဟောင်းရဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရရဲ့ စုံစမ်းဖော်ထုတ်မှုတွေကို တရားဝင် သတင်းထုတ်ပြန်ပေးဖို့ ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက တိုက်တွန်းလိုက်ပါတယ်။ ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် အလက်ဇန္ဒားကိုဗန်ကိုက လန်ဒန်ရှိ သူ့ရဲ့နေအိမ်မှာ ဧပြီလ ၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်ပြီး တိုက်တွန်းလိုက်တာပါ။ သူဟာ ဒီမတိုင်ခင်ကလည်း နိုင်ငံတကာ ဓာတုလက်နက်တားဆီးရေးအဖွဲ့ OPCW အရေးပေါ် အစည်းအဝေးအတွင်း အာရုံကြောအဆိပ်နဲ့ တိုက်ခိုက်ခံရတဲ့ကိစ္စကို ရုရှားနဲ့ဗြိတိန် ပူးတွဲပြီး စုံစမ်းဖော်ထုတ်ခွင့်ရဖို့ တင်ပြခဲ့ပါတယ်။ ဒီတင်ပြချက်ကို မဲခွဲရာမှာ အဖွဲ့ဝင် ၄၁ နိုင်ငံအနက် ၂၃ နိုင်ငံက ထောက်ခံမဲ ဒါမှမဟုတ် ကြားနေမဲပေးခဲ့ကြတယ်လို့  ရုရှားသံအမတ်က ပြောပါတယ်။ ကျန်နိုင်ငံတွေကတော့ ဗြိတိန်နဲ့ အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် လုံးဝမဲမပေးခဲ့ဘူးလို့ ဆိုပါတယ်။ ဗြိတိန်နိုင်ငံမှာ ခိုလှုံနေတဲ့ ရုရှားစပိုင်ဟောင်းနဲ့ သမီးဖြစ်သူတို့ ဗြိတိန်မြေပေါ်မှာတင်  နိုဗိုချော့အာရုံကြောအဆိပ်နဲ့ တိုက်ခိုက်ခံခဲ့ရတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးခေါ်ပေးဖို့ ဗြိတိန်အစိုးရက ဓာတု လက်နက်တားဆီးရေး အဖွဲ့ OPCW ကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။
3 years Ago
Up