ရုရှားတင်းနစ်မယ် ရှာရာပိုဗာ တားမြစ်ဆေး အစစ်ဆေးခံရာတွင် ကျရှုံး

July 12, 2016

ရုရှားတင်းနစ်မယ် ရှာရာပိုဗာ ဘရာဇီးအိုလံပစ်ပွဲတွင် ပါဝင်ခွင့်မရ

တားမြစ်ဆေးသုံးစွဲမှုနဲ့ အမှုရင်ဆိုင်နေရတဲ့ ဂရင်းစလန်းချန်ပီယံ ရုရှားတင်းနစ်မယ် ရှာရာပိုဗာဟာ ဘရာဇီးအိုလံပစ်ပွဲမှာ မကစားရဖို့ သေချာသွားပါပြီ။ တင်းနစ်ကစားခွင့် ၂ နှစ် ပိတ်ပင်ခံထားရတဲ့ စီရင်ချက်ကို လျှော့ပေါ့ပေးဖို့ ရှာရာပိုဗာက အယူခံဝင်ထားပေမယ့် အားကစားခုံရုံးက မဆုံးဖြတ်သေးဘဲ စက်တင်ဘာလအထိ ရုံးချိန်း ရွှေ့လိုက်တဲ့အကြောင်း ဇူလိုင် ၁၁ ရက်နေ့မှာ ကြေညာပါတယ်။ အယူခံကို ဆုံးဖြတ်ဖို့အတွက် လိုအပ်တဲ့ သက်သေအထောက်အထားတွေ ခိုင်လုံအောင် စုဆောင်းဖို့ အချိန်လိုအပ်တာကြောင့် စက်တင်ဘာ ၁၉ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း ခုံရုံးရဲ့ ကြေညာချက်က ဆိုပါတယ်။ ကမ္ဘာ့နံပါတ် ၁ ဖြစ်ခဲ့ဖူးတဲ့ အသက် ၂၉ နှစ်အရွယ် ရှာရာပိုဗာရဲ့ နာမည်ကို ရုရှားအရာရှိတွေက ရီယိုအိုလံပစ်ကို စေလွှတ်မယ့် အားကစားသမားစာရင်းမှာ ထည့်ထားပါတယ်။ ဒါပေမယ့် ရှာရာပိုဗာဟာ ဇန်န၀ါရီလတုန်းက ယှဉ်ပြိုင်ခဲ့တဲ့ သြစတြေးလျအိုးပင်း ပြိုင်ပွဲတုန်းက တားမြစ်ထားတဲ့ Meldonium ဆေးကို သုံးစွဲခဲ့တဲ့အကြောင်း စစ်ဆေးတွေ့ရှိတဲ့အတွက် တင်းနစ်ကစားခွင့် ၂ နှစ် ပိတ်ပင်ခံထားရပါတယ်။
6 years Ago

March 8, 2016

ရုရှားတင်းနစ်မယ် ရှာရာပိုဗာ တားမြစ်ဆေး အစစ်ဆေးခံရာတွင် ကျရှုံး

ရုရှားတင်းနစ်မယ် မာရီယာ ရှာရာပိုဗာက တားမြစ်ဆေးအတွက် အစစ်ဆေးခံရာမှာ ကျရှုံးခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့နံပါတစ်ဟောင်း ရှာရာပိုဗာက ပြီးခဲ့တဲ့ ဇန်န၀ါရီလ သြစတြေးလျ အိုးပန်း တင်းနစ်ပြိုင်ပွဲအတွက် ဆေးစစ်ရာမှာ ကျခဲ့တာ ဖြစ်ပါတယ်။ သူဟာ အမေရိကန်သူ စရီနာကို ရှုံးတဲ့ သြစတြေးလျအိုးပန်း ကွာတားဖိုင်နယ် ပွဲစဉ်နေ့မှာပဲ ဆေးစစ်ခံရာမှာ ဆေးကျခဲ့တာပါ။ အသက် ၂၈ နှစ်အရွယ် တင်းနစ်မယ်ဟာ တားမြစ်ထားတဲ့ Meldonium ဆေးကို သုံးစွဲခဲ့တာပါ။ အခုဆေးကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁ ရက်နေ့မှာ စတင်ပြီး မသုံးစွဲဖို့ တားမြစ်ခဲ့တာပါ။ ရှာရာပိုဗာကတော့ အခုဆေးကို သူ့ကျန်းမာရေးအတွက် ၂၀၀၆ ခုနှစ်ကတည်းက သုံးစွဲခဲ့တာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ အခုလို တားမြစ်ဆေး သုံးစွဲမှုကြောင့် လာမယ့် ၁၂ ရက်နေ့ကစပြီး နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ်ရဲ့ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ရှာရာပိုဗာဟာ ဂရန်းစလန်း ချန်ပီယံဆု ၅ ကြိမ် ရဖူးထားပြီး အသက် ၁၇ နှစ်အရွယ်မှာပဲ ၀င်ဘယ်ဒန် ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
6 years Ago
Up