ရုရှားစစ်လေယာဉ်

March 25, 2019

စစ်သည် ၁ဝဝ ခန့် တင်ဆောင်လာသည့် ရုရှားစစ်လေယာဉ် ၂ စီး ဗင်နီဇွဲလားသို့ ရောက်ရှိ

ရုရှားလေတပ်က လေယာဉ် ၂ စင်းဟာ ရုရှား ကာကွယ်ရေးအရာရှိတဦးနဲ့ စစ်သည် အင်အား အယောက်တရာနီးပါးကိုတင်ပြီး နိုင်ငံရေး အကျပ်ရိုက်နေတဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ အဓိက လေဆိပ်ကို မတ်လ ၂၃ ရက်နေ့က ရောက်လာတယ်လို့ ဒေသခံသတင်းထောက်တဦးက ပြောပါတယ်။ ရုရှားနဲ့ ဗင်နီဇွဲလား နှစ်နိုင်ငံကြား ဆက်ဆံရေးက အားပိုကောင်းလာနေတာပါ။ ရုရှားစစ်တပ်လေဆိပ်ကနေ မတ်လ ၂၂ ရက်က ထွက်လာတဲ့ အီလီယူးရှင်း IL-62 ခရီးသည်တင် လေယာဉ်နဲ့ အန်တိုနော့ဗ် AN-124 စစ်ဘက် ကုန်တင်လေယာဉ်တို့ ရုရှား စစ်တပ်လေဆိပ် ချကာရော့ဗ်စကီကနေ ကာရာကတ်စ်မြို့ဆီကို ထွက်လာရင်း ဆီးရီးယားမှာ ခရီးတထောက် နားခဲ့တာကို လေယာဉ်ပျံသန်းမှု ခြေရာကောက်တဲ့ အင်တာနက်စာမျက်နှာ Flightradar24 က ပြသပါတယ်။ နောက်ထပ် အလားတူ စာမျက်နှာကတော့ လေယာဉ်တစီး ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်ကနေ တနင်္ဂနွေနေ့က ပြန်ထွက်သွားတာကို ပြသပါတယ်။ ဗင်နီဇွဲလားမြေပေါ်မှာ ရုရှားနဲ့ ဗင်နီဇွဲလား ပူးတွဲ စစ်ရေးလေ့ကျင့်အပြီး ခုလို လေယာဉ်တွေ ရောက်လာတာပါ။ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုက နှစ်နိုင်ငံဆက်ဆံရေး အားဖြည့်တာလို့ ပြောပေမယ့် အမေရိကန်ကတော့ ရုရှားဟာ ဒေသတွင်းမှာ ဝင်စွက်ဖက်နေတာဖြစ်ကြောင်း ပြောဆို စွပ်စွဲပါတယ်။ ပထမလေယာဉ်ပေါ်မှာ ရုရှား ကြည်းတပ် စစ်ဦးစီးအရာရှိချုပ် ဗာရှီးလီး တွန်ကတ်ရှ်ကိုရပ်ဗ် ပါတယ်။ ဒုတိယလေယာဉ်ကတော့ ပစ္စည်း ၃၅ တန်ကို တင်လာတဲ့ ကုန်တင်လေယာဉ် ဖြစ်တယ်လို့ သတင်းထောက် ဟာဗီယာ မေယော့ကာက တွစ်တာလူမှုကွန်ရက်မှာ မတ်လ ၂၃ ရက်က ရေးပါတယ်။ ဒီလေယာဉ်တွေ ဘာကြောင့် ဗင်နီဇွဲလားကို လာတာလဲဆိုတဲ့ တိကျခိုင်လုံတဲ့ သက်သေတော့ မရသေးသလို ပြန်ကြားရေးဝန်ကြီးဌာနကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို အကြောင်းမပြန်ခဲ့ပါဘူး။
3 years Ago

December 25, 2016

ရုရှားစစ်လေယာဉ်တစီး ပင်လယ်ထဲ ပျက်ကျ

ရုရှားနိုင်ငံ ဆိုချီမြို့ Black Sea အပမ်းဖြေစခန်းကနေ ထွက်ခွာလာတဲ့ ရုရှားစစ်လေယာဉ်တစီးဟာ ပင်လယ်ထဲ ပျက်ကျသွားတယ်လို့ ဒီဇင်ဘာ ၂၅ ရက်နေ့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက လေယာဉ်ဟာ Tu-154 ဖြစ်ပြီး လေယာဉ်ပေါ်မှာ အရာရှိတွေ၊ စစ်တေးဂီတ Alexandrov အဖွဲ့နဲ့ သတင်းထောက် ၉ ဦးအပါအဝင် ခရီးသည် ၉၁ ဦး စီးနင်းလိုက်ပါလာတယ်လို့ ပြောပါတယ်။ လေယာဉ်က ဆိုချီမြို့ အက်ဒလာလေဆိပ်မှ မနက် ၅ နာရီ ၂၀ မှာ ထွက်ခွာပြီး မိနစ် ၂၀ လောက်အကြာမှာ ပျက်ကျသွားတာ ဖြစ်ပါတယ်။ ရုရှားတပ်တွေက နှစ်သစ်အထိမ်းအမှတ်အတွက် ဆီးရီးယားနိုင်ငံမှာ သရုပ်ပြဖို့ သွားရောက်ခဲ့စဉ်မှာ အခုလို ပျက်ကျခဲ့တာလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
5 years Ago
Up