ရုရှားကို အရေးကြီးသတင်း ပြောဆိုမှု သမ္မတ ထရမ့် ဖြေရှင်းချက်ပေးရန် တောင်းဆို

May 17, 2017

ရုရှားကို အရေးကြီးသတင်း ပြောဆိုမှု သမ္မတ ထရမ့် ဖြေရှင်းချက်ပေးရန် တောင်းဆို

ရုရှားကို အရေးကြီးသတင်းတွေ ဖော်ထုတ်ပြောဆိုမှုနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ အမေရိကန် ဥပဒေပြုအမတ်တွေက သမ္မတ ထရမ့်ကို တောင်းဆိုလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၁၆ ရက်နေ့မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ် (Sergei Lavrov)၊ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် ဆာဂျီ ကစ်စ်ယက် (Sergei Kislyak) တို့နဲ့ ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးဟာ အရမ်းကို အောင်မြင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ သမ္မတ ထရမ့်က အိုင်အက်စ်အဖွဲ့တွေကို တိုက်ခိုက်မယ့် စီမံကိန်းဆိုင်ရာ အချက်အလက်တွေ ရုရှားထိပ်တန်းအရာရှိတွေကို ပြောပြခဲ့တာကြောင့် သမ္မတ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ဘက်တော်သားတွေ အပါအဝင် အမေရိကန် ဥပဒေပြုအမတ်တွေက သမ္မတ ဒေါ်နယ်ထရမ့်ကို အလွန်အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ဖော်ထုတ်ပြောမှုအပေါ် ဖြေရှင်းချက်ပေးဖို့ တောင်းဆိုလိုက်ကြတာပါ။ အမေရိကန် အရာရှိတွေက အဲဒီအချက်အလက်တွေဟာ အမေရိကန် မဟာမိတ်တွေ ပေးပို့ထားတာလို့ ပြောပါတယ်။ အဲဒီမဟာမိတ်ဟာ အစ္စရေးဖြစ်တယ်လို့ နယူးယော့ခ်တိုင်းမ်စ် သတင်းမှာ ဖော်ပြခဲ့ပေမယ့် အမေရိကန် လုံခြုံရေး သတင်းရင်းမြစ် ၂ ခုကတော့ မဖြစ်နိုင်ဘူးလို့ ငြင်းခဲ့ပါတယ်။ ထရမ့်ရဲ့ ၂၀၁၆ မဲဆွယ်စည်းရုံးရေးနဲ့ ရုရှားတို့အကြား ဆက်နွယ်မှုတွေကို စုံစမ်းနေတဲ့ အက်ဖ်ဘီအိုင် ဒါရိုက်တာ ဂျိမ်းစ်ကိုမေကို သမ္မတထရမ့်က မေလ ၉ ရက်နေ့မှာ ရုတ်တရက် တာဝန်ကနေ ရပ်နားခဲ့ပါတယ်။ သမ္မတထရမ့် အခုလို ရုရှားကို သတင်းဖော်ထုတ် ပြောဆိုမှုဟာ ဂျိမ်းစ်ကိုမေကို တာဝန်ကနေ ရပ်နားမှုအပေါ် ကန့်ကွက်ချက်တွေကို ဖြေရှင်းနေရတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကိုလည်း အံအားသင့်စေခဲ့ပါတယ်။ အမေရိကန်အထက်လွှတ်တော်အမတ် အများစုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မစ်ခ်ျမက်ကွန်နဲလ် (Mitch McConnell) က ဟန်ဆောင်တာတွေ လျော့စေချင်တယ်လို့ အိမ်ဖြူတော်ကို ဝေဖန်ခဲ့သလို အခုဖြစ်ရပ်ဟာ ဒီမိုကရက်အမတ်တွေရဲ့ ထရမ့်ဆန့်ကျင်ရေး ပိုမိုပြင်းထန်လာစေပါတယ်။ အထက်လွှတ်တော် ဒီမိုကရက်အမတ်တွေရဲ့ ခေါင်းဆောင် ချက်ခ်ရှူးမားက ရုရှားအမတ်တွေနဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့သမျှ အကုန်လုံးကို ပြုပြင်ဖြတ်တောက်ခြင်းမရှိဘဲ သက်ဆိုင်ရာ ဥပဒေပြုအမတ်တွေဆီ ပေးပို့ဖို့ အိမ်ဖြူတော်ကို တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
4 years Ago
Up