ရုပ်ကြွင်းတွေ့ရှိ

January 7, 2017

ထိုင်းနိုင်ငံ ဆင်စခန်းတခုတွင် ဆင် ၅ ကောင်၏ ရုပ်ကြွင်းတွေ့ရှိ

ထိုင်းနိုင်ငံ သားရိုင်းတိရစ္ဆာန်ဌာန အာဏာပိုင်တွေက ဟွာဟင်းမြို့ ဆင်စခန်းတခုထဲမှာ ဆင်ငါးကောင်ရဲ့ ရုပ်ကြွင်းတွေကို ဇန်န၀ါရီ ၅ ရက်နေ့က တူးဖော် တွေ့ရှိခဲ့တယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဆင် ၇ ကောင်ပျောက်နေတယ်လို့ ဒေသခံတွေက အမျိုးသား ပန်းခြံ သားရိုင်းနဲ့ သစ်ပင် ထိန်းသိမ်းစောင့်ရှောက်ရေး ဌာန စုံစမ်းစစ်ဆေးရေး အသင်းကို သတင်ပေးခဲ့တာပါ။ အာဏာပိုင်တွေက သေဆုံးမှုတွေကို သတိမထားမိခဲ့ကြပါဘူး။ ဒီဆင်တွေ သေဆုံးမှုဟာ သံသယ ဖြစ်စရာ ကောင်းတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဆင်အလောင်းတွေဟာ မွေးမြူရေးဆင်တွေ မဟုတ်ဘဲ ဆင်ရိုင်းတွေရဲ့ အလောင်းအဖြစ် စုံစမ်းစစ်ဆေးသူတွေက သံသယဝင်နေတယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။ ဆင်အလောင်းတွေကို စစ်ဆေးမယ်လို့ သားရိုင်းဌာန အရာရှိတွေက ပြောပေမယ့် ဘယ်သံသယ ရှိသူကိုမှ နာမည်ဖော်ထုတ်တာ တရားစွဲတာ မလုပ်ရသေးပါဘူး။ ဆင်တွေဟာ ထိုင်းနိုင်ငံရဲ့ အမှတ်သင်္ကေတပါ။ ရှေးခေတ်က တိုက်ပွဲတွေမှာ စစ်သားတွေဟာ ဆင်တွေကို သုံးပါတယ်။ ခုခေတ်မှာတော့ သစ်ထုတ်လုပ်ရေး လုပ်ငန်းမှာ ဆက်သုံးပါတယ်။ သစ်ထုတ်လုပ်ငန်းကို ပိတ်ပင်တားဆီး လိုက်ချိန်မှာတော့ ဆင်တွေဟာ ခရီးသွား လုပ်ငန်းမှာ အဆုံးသတ်ခဲ့တာပါ။ ဆင်ပြပွဲတွေနဲ့ ဆင်စီးတာတွေမှာ အသုံးချ ခံရပါတယ်။ ထိုင်းနိုင်ငံအတွင်း ဆင်ရိုင်းကောင်ရေ ၃၇၀၀ လောက် ရှိပြီး မွေးမြူရေးဆင် အကောင်ရေ ၄ ထောင် လောက်ထိ ရှိနေတယ်လို့ အဲလီအိဒ် အဖွဲ့က ဆိုပါတယ်။ ဒီအဖွဲ့ဟာ အာရှဆင်တွေကို ထိန်းသိမ်း စောင့်ရှောက်နေတဲ့ ဗြိတိန် အခြေစိုက် အဖွဲ့အစည်းပါ။ သစ်တောပြုန်းတီးမှု၊ မြို့ပြ ရုတ်ချည်း ဖွံ့ဖြိုးမှုနဲ့ ဆင်တွေကို အစွယ်အတွက် အမဲလိုက် တာတွေကြောင့် ဆင်ရိုင်းကောင်ရေ ကျဆင်းနေပါတယ်။
5 years Ago
Up