ထိုင်းနိုင်ငံမှာ လက်ရှိနာမည်ကြီးနေတဲ့ ရုပ်သံဇာတ်လမ်းတွဲထဲမှာ ပါဝင်တဲ့ ဇာတ်ကောင်နေရာဟာ ဝန်ကြီးချုပ် ပရာယွတ်ရဲ့ဘဝကို ထင်ဟပ်ရိုက်ပြထားတာဖြစ်ပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်နေတယ်ဆိုပြီး နှိုင်းယှဉ်ပြောကြတဲ့အပေါ် သူက ငြင်းလိုက်ပါတယ်။
ဝန်ကြီးချုပ်က ဒီဇာတ်ကောင်ဟာ သူနဲ့မတူဘဲ အပြင်လောကမှာတော့ သူဟာ ဗီလိန်ဇာတ်ရုပ်သာ ဖြစ်နေတယ်လို့ ပြောလိုက်တာပါ။
စစ်တပ်နောက်ခံကျောရိုးနဲ့ အချစ်ဇာတ်လမ်းအဖြစ် ပုံဖော်ထားတဲ့ Love Missions အမည်ရတဲ့ ဒီရုပ်သံဇာတ်လမ်းတွဲထဲက ဗိုလ်ကြီး ပျူရစ်ခ်ျဆိုတဲ့ ဇာတ်ကောင်ဟာ သူ့ရဲ့ ဇာတ်ကောင်စရိုက်ဖြစ်တယ်လို့ ပြောဆိုနေကြချိန်မှာ သူက ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။
“သူ့ (ဒီဇာတ်ကောင်) နေရာမှာ ကျနော်သာဆိုရင် ဘယ်သူမှ ကြည့်မှာမဟုတ်ဘူး။ ဒီနေ့မှာတော့ ကျနော်က ဗီလိန်တယောက်ပါ” လို့ ဘန်ကောက်ပို့စ်သတင်းစာကို ပြောလိုက်ပါတယ်။
ဒီဇာတ်လမ်းတွဲထဲမှာ ဆွဲဆောင်မှုရှိပြီး ချောမောတဲ့ ထိုင်းစစ်တပ်အရာရှိ ၄ ယောက်ရဲ့ ဘဝတွေကို ရိုက်ပြထားတာဖြစ်ပြီး ပျူရစ်ဆိုတဲ့ ဇာတ်ကောင်ကတော့ ထိုင်းဘုရင်မကြီးရဲ့ ခြေလျင်တပ်ရင်း ၂၁ ကိုယ်ရံတော်ဗိုလ်မှူးကြီးအဖြစ် ပုံဖော်ထားခဲ့တာပါ။
ဝန်ကြီးချုပ် ပရာယွတ်ကလည်း ဒီရာထူးနေရာနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးတာမို့ ဒီဇာတ်ကောင်ဟာ သူဖြစ်တယ်ဆိုပြီး ပရိသတ်တွေက နှိုင်းယှဉ်ပြောနေကြတာပါ။
ဒီရုပ်သံဇာတ်လမ်းတွဲဟာ တွစ်တာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း နာမည်ကြီးနေခဲ့ပြီးနောက် ထိုင်းတော်ဝင်စစ်တပ်ပိုင် ချန်နယ်လ်ဆဲဗင်း ရုပ်သံလိုင်းကနေ လာမယ့် ဇူလိုင် ၈ ရက်နေ့ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။
ပျူရစ်ခ်ျနေရာကနေ သရုပ်ဆောင်ထားခဲ့သူကတော့ မော်ဒယ်နဲ့ သရုပ်ဆောင်မင်းသား ဆူကိုလ်ဝပ် ကာနာရော့တ် ဖြစ်ပါတယ်။
6 years Ago