ရုပ်ရှင်မင်းသားကြီး

February 11, 2017

ရုပ်ရှင်မင်းသားကြီး ဂျော့ကလူးနီး၏ဇနီးကိုယ်ဝန် အမြွာရင်သွေးငယ်တွေဟု အတည်ပြု

ကမ္ဘာကျော်ဟောလီးဝုဒ် ရုပ်ရှင်မင်းသား ဂျော့ကလူးနီး George Clooney ရဲ့ ချစ်ဇနီး အမယ်လ် ကလူးနီး Amal Clooney မှာ ကိုယ်ဝန် ၃ လရှိနေပြီး အမြွှာရင်သွေးငယ်တွေလို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကလူးနီး ဇနီးမောင်နှံရဲ့အရင်းနှီးဆုံးမိတ်ဆွေ မင်းသား မက်-ဒေးမွန်းက အမယ်လ်ရဲ့ ကိုယ်ဝန် ၈ ပတ်ရှိချိန်ကတည်းက သတင်းထောက်တွေကို အတည်ပြုပြောဆိုခဲ့ပါတယ်။ ဒီ့နောက် ကိုယ်ဝန် ၁၂ ပတ်ရှိချိန်မှာ ကလေးတွေဟာ အမြွှာဖြစ်ကြောင်း ၀မ်းပန်းတသာနဲ့ ထပ်မံအတည်ပြုခဲ့ပါတယ်။ အသက် ၅၅ နှစ်အရွယ်ရှိ ကမ္ဘာကျော်မင်းသား ဂျော့ကလူးနီးဟာ ချစ်သူရီးစားတွေ ရှိခဲ့ပေမယ့် အသက် ၅၂ နှစ်အရွယ်ထိ လက်မထပ်ဘဲနေခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာမှ အသက် ၃၆ နှစ်အရွယ် လက်ဘနွန်နွယ်ဖွား လူ့အခွင့်အရေးလှုပ်ရှားသူ နာမည်ကြီးရှေ့နေ အမယ်လ်ကို အီတလီနိုင်ငံမှာ တရားဝင် လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ဂျော့ကလူးနီးဟာ ဟောလီးဝုဒ်ရဲ့ နာမည်အကြီးဆုံး ထိပ်တန်းမင်းသားတွေထဲက တဦးဖြစ်ပြီး သူ့ရဲ့ဇာတ်ကားတွေဟာ လက်မှတ်အရောင်းဌာနတွေမှာ ရောင်းအကောင်းဆုံး စံချိန်ချိုးလေ့ရှိကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up