ရုပ်ရှင်ကား(နမူနာ)

September 25, 2018

ကီယာနိုက်တ်လေကို နာမည်ကြီးပြင်သစ်ဝတ္ထုရေးဆရာမ Colette အသွင်ဖြင့် မြင်တွေ့ရမည့် ရုပ်ရှင်ကား(နမူနာ)

မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ ဗြိတိန်သရုပ်ဆောင် မင်းသမီး Keira Knightley ခေါင်းဆောင်ပါဝင်ထားတဲ့ Colette အမည်ရတဲ့ ရုပ်ရှင်ကားကို လက်ရှိ ရုံတင်ပြသနေပါတယ်။ ဒီကားကတော့ Biographical Drama ရုပ်ရှင်အမျိုးအစား ကြိုက်တဲ့ ပရိသတ်တွေ နှစ်သက်ကြမယ့် ရုပ်ရှင်ကားတကားဖြစ်ပြီး စာပေသမိုင်းမှာ ထင်ရှားတဲ့ ပြင်သစ် ၀တ္ထုရေးဆရာမ Colette ရဲ့ ဘ၀ဇာတ်ကြောင်းကို  ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Wash Westmoreland က ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ၁၈၇၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ကမ္ဘာ့စာပေသမိုင်းမှာ နာမည်ကျော်ခဲ့တဲ့ Colette ရဲ့ အကြောင်းဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ ၁၉၄၈ ခုနှစ်မှာ စာပေဆိုင်ရာ နိုဘယ်လ်ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပေမယ့် တကယ်တမ်းတော့ သူ့ရဲ့ ဘ၀ဖြတ်သန်းမှုဟာ အလွယ်တကူတော့ မဟုတ်ခဲ့ပါဘူး။ သူ့ထက်အသက် ၁၄ နှစ်ပိုကြီးတဲ့ စာရေးဆရာ၊ ထုတ်ဝေသူတဦးနဲ့ လက်ထပ်ခဲ့ရပြီး သူရေးတဲ့ စာအုပ်တွေကို ခင်ပွန်းဖြစ်သူ နာမည်နဲ့ ရေးပေးဖို့ ဖိအားပေးခံခဲ့ရတာပါ။ ဒီလိုအခြေအနေတွေကနေ နောက်ပိုင်းမှာ ဘယ်လိုရုန်းထွက်နိုင်ခဲ့သလဲ။ ကျား၊မတန်းတူညီမျှမှု ဆိုင်ရာ စံတွေနဲ့ ဘယ်လိုတွန်းလှန်ခဲ့ရသ လဲဆိုတာတွေကို ဒီရုပ်ရှင်ကားထဲမှာ ရှုစားကြရမှာပါ။ အဓိကဇာတ်ကောင် Colette နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီး Keira Knightley နဲ့အတူ တခြားသရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Dominic West, Eleanor Tomlinson, Denise Gough တို့က အတွဲညီညီ ပါဝင်ထားကြတာပါ။ ကြာမြင့်ချိန် ၁၁၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ကြမ်းတမ်းတဲ့ လိင်ပိုင်းဆိုင်ရာ ပြ ကွင်းပြကွက်တွေ၊ ဇာတ်ဝင်ခန်းတွေနဲ့ ပြောစကား Dialog တွေ ပါဝင်နေတာမို့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာလည်း Rating 6.1 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကို နာမည်ကြီးရုပ် ရှင်ပွဲတော်တခုဖြစ်တဲ့ Sundance Film Festival မှာ အခုနှစ်ဆန်းပိုင်း ဇန်န၀ါရီလက ပြသခဲ့တာဖြစ်ပြီး ချီးကျူးမှုတွေ၊ ပရိသတ်အားပေးမှုတွေလည်း ရရှိထားပါတယ်။
3 years Ago

July 17, 2018

လွှမ်းပိုင်နှင့် အိချောပို ပါဝင်သရုပ်ဆောင်ထားသည့် ကြွေ ရုပ်ရှင်ကား(နမူနာ)

  လူငယ်ကြိုက် အဆိုတော် သရုပ်ဆောင်မင်းသား လွှမ်းပိုင်နဲ့ မင်းသမီး အိချောပိုတို့ ခေါင်းဆောင် ပါဝင်ထားကြတဲ့ ကြွေ အမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် ဇူလိုင် ၂၀ ရက်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ Bo Bo Film Production က စီစဉ်ပြီး နာမည်ကြီး စာရေးဆရာ မင်းလူရဲ့ ‘ပြောတိုင်းယုံတဲ့ ပုတ်သင်ညို’ ဝတ္ထုကို ဒါရိုက်တာ သားညီက ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။  ခင်ရင်တင် ဆိုတာ ရန်ကုန်တက္ကသိုလ်မှာ အလှမယ်ဘွဲ့ရထားပြီး သူ့နောက်က တကောက်ကောက်လိုက်တဲ့ ယောက်ျားတွေကို ကစားစရာအရုပ်လို သဘောထား ပညာပေးတတ်တဲ့သူ။ နေမင်းမောင်ကတော့ နယ်ကနေ ရန်ကုန်တက္ကသိုလ် ရောက်လာခဲ့ပြီး ချစ်တဲ့သူဆီက အဖြေရဖို့ဆိုရင် ဘာပဲ လုပ်ရ လုပ်ရ လုပ်မှာဖြစ်ပြီး သူငယ်ချင်းတွေနဲ့ပါ မျက်နှာပျက်ရတဲ့အထိ အချစ်ကြီးသူ၊ ကြိုးစားသူတယောက်အဖြစ် တက္ကသိုလ်နောက်ခံ မြင်ကွင်းပုံရိပ်တွေနဲ့ အချစ်နဲ့ ဟာသရောသမမွှေ ရိုက်ကူးထားတာကို ရှုစားကြရမှာပါ။ ဒီဇာတ်လမ်းထဲမှာတော့ ချစ်သူရဲ့ မျက်နှာမညိုရအောင် အလိုဆန္ဒအတိုင်း ပုတ်သင်ညို တကောင်လို အရာရာ ခေါင်းညိတ် လုပ်ဆောင် ဖြည့်ဆည်းပေးမယ့် ဇာတ်ကောင် နေမင်းမောင် နေရာမှာ လွှမ်းပိုင်က ပါဝင်ထားခဲ့ပြီး တက္ကသိုလ်အလှဘုရင်မ ခင်ရင်တင် နေရာမှာတော့ အိချောပိုက ပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဒီကားကို အရင်က ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ဗွီဒီယိုအနေနဲ့ ရိုက်ကူးထားခဲ့ဖူးပြီး လူမင်းနဲ့ နန္ဒာလှိုင်တို့က သရုပ်ဆောင်ထားခဲ့ကြတာမို့ ဒီကားက အရင်ကားကို မီ၊ မမီ ဆိုတာကတော့ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီရုပ်ရှင်ကားဟာ မထွက်လာခင်ကတည်းက ပရိသတ်တွေကြား စိတ်ဝင်စားမှုတွေ မြင့်တက်နေပြီး တေးရေးအဆိုတော် ဝန ရေးစပ်ပြီး အဆိုတော် ဆိုင်းမိုင်း သီဆိုထားတဲ့ နောက်ဆုံးအနမ်း အမည်ရတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးဟာလည်း ရေပန်းစားနေခဲ့တာပါ။ လွှမ်းပိုင်ဟာ ‘ငါ့ကိုနမ်းတဲ့ မုန်တိုင်း’ ဇာတ်ကားနဲ့ ပထမဆုံး ရုပ်ရှင်ထွက်ရှိထားပြီး ပရိသတ် အားပေးမှု ရရှိထားတာမို့ ဒုတိယမြောက်ကားဖြစ်တဲ့ ဒီကားမှာရော ဘယ်လို သရုပ်ဆောင်မှုတွေနဲ့ တွေ့မြင်ရမလဲ ဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။
3 years Ago
Up