ရုပ်ရှင်ကား

February 15, 2019

ဟောင်ကောင်ရုပ်ရှင်ကား ရန်ကုန်တွင်ရိုက်ကူးရန် မြို့ထဲလမ်းတချို့ပိတ်မည်

ဟောင်ကောင်အခြေစိုက်Shaw Brother ရုပ်ရှင်ကုမ္ပဏီက  "Line Walker-2 " ရုပ်ရှင်ကား မြန်မာပြည်မှာ လာရောက်ရိုက်ကူးမှာဖြစ်လို့ ရန်ကုန်မြို့တွင်းလမ်းတချို့ကို လမ်းပိတ်၊ လမ်းလွှဲမယ်လို့ ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ကြေညာပါတယ်။ ဇာတ်ကားရိုက်ဖို့ အစမ်းလေ့ကျင့်မယ့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအထိမဟာဗန္ဓုလပန်းခြံလမ်းအား အနော်ရထာလမ်းမှ City Star ဟိုတယ်အထိနဲ့ ၁၈ ရက် မနက် ၆ နာရီကနေ မွန်းလွဲ   ၁ နာရီအထိ ကြားတောရလမ်း ရွှေတိဂုံဘုရား၊ အရှေ့ဘက်မုခ်က ရေတာရှည်လမ်းအထိ လမ်းပိတ်လမ်းလွှဲမှာဖြစ်ပါတယ်။ ဒါ့အပြင် ရိုက်ကူးမယ့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ မနက် ၆း၀၀ နာရီမှ ညနေ ၆ နာရီအထိ၊ မဟာဗန္ဓုလပန်းခြံလမ်းအား အနော်ရထာလမ်းမှ City Star ဟိုတယ်အထိ လမ်းပိတ်လမ်းလွဲမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ၂၂ ရက်ကနေ ၂၆ ရက် မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဆူးလေဘုရားလမ်း၊ အနော်ရထာလမ်း လူကူးခုံးကျော်တံတားမှ ဆူးလေဘုရား လူကူးမျဉ်းကျား (မီးသတ်ဘက်အခြမ်း)အထိ လမ်းပိတ်လွှဲဆောင်ရွက်မှာဖြစ်ပါတယ်။ လမ်းပိတ်လမ်းလွှဲဆောင်ရွက်မယ့် ရက်တွေမှာ မော်တော်ယာဉ်မောင်းသူတွေ အနေနဲ့ အခြားသင့်တော်တဲ့ လမ်းတွေကနေ  မောင်းနှင်သွားလာကြဖို့ ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက နှိုးဆော်ထားပါတယ်။
2 years Ago

February 12, 2019

စိတ္တဇဆန်ဆန် သွေးပျက်ထိတ်လန့်ဖွယ်ရုပ်ရှင် - Happy Death Day 2U (နမူနာ)

ရုပ်ရှင်ပရိသတ်တွေအကြိုက် သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ စိတ္တဇဆန်ဆန် Horror, Mystery, Thriller အမျိုးအစား Happy Death Day 2U ရုပ်ရှင်ကားကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ Universal Pictures က တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင် ကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Christopher Landon က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ကောလိပ်ကျောင်းသူတဦးဖြစ်တဲ့ Tree Gelbman ဟာ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းနေရာကနေ တချိန်က အိပ်မက်လိုလို ကြုံတွေ့ခဲ့ရတဲ့ မွေးနေ့တရက်ဆီ ပြန် ရောက်သွားချိန်မှာ ဘာတွေ ဖြစ်လာမလဲ၊ ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ မျက်နှာဖုံးစွပ် လူသတ်သမားတယောက်ရဲ့ အန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့ရချိန်မှာ ဘယ်လိုသွေးပျက် ထိတ်လန့်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီရုပ်ရှင်ကားထဲမှာတော့ နာမည်ကြီး La La Land ရုပ်ရှင်ကားထဲမှာ ပါဝင်ခဲ့တဲ့ အမေရိကန် သရုပ်ဆောင်မင်းသမီး Jessica Rothe က Tree Gelbman အနေနဲ့ ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Israel Broussard ၊ Phi Vu ၊ Suraj Sharma ၊ Sarah Yarkin၊ Ruby Modine တို့ကလည်း ပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဒီကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြ ကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13  အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၀၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၉ သန်း အကုန်အကျခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
2 years Ago
Up