ယူကရိန်းနိုင်ငံမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အတိုက်အခံခေါင်းဆောင် မစ်ခေးလ်ဆာကက်ရှ်ဗီလီကို ထောက်ခံသူတွေ တနင်္ဂနွေနေ့က ထိပ်တိုက်တွေ့ပြီး ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
သမ္မတ ပေထရိုပိုရိုရှန်ကိုကို ဆန့်ကျင်တဲ့ စီတန်းလှည့်လည်ပွဲအပြီး မြို့တော် ကိယက်ဗ်က အောက်တိုဘာ နန်းတော်ဆီ ချီတက်ဖို့ ကြိုးစားနေတဲ့ ဆန္ဒပြသူတွေကို ရဲတွေက ဟန့်တားခဲ့တာပါ။ ထိပ်တိုက်တွေ့ခဲ့လို့ မျက်ရည်ယို ဓာတ်ငွေ့တွေသုံးပြီး လူစုခွဲခဲ့ရပါတယ်။
ဂျော်ဂျီယာ သမ္မတဟောင်းဟာ ယူကရိန်း အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့လို့ အဖမ်းခံခဲ့ရပြီး အရင်အပတ်ကမှ သူ့ကို ချုပ်နှောင်ထားရာက ပြန်လွှတ်ပေးတာ ခံခဲ့ရပါတယ်။
တနင်္ဂနွေ အစောပိုင်းကလည်း ကိယက်ဗ်မြို့လယ်တလျှောက်မှာ သမ္မတပိုရိုရှန်ကို ကို စွပ်စွဲ ပြစ်တင်ဖို့ ဆော်သြရင်း လူထောင်ပေါင်းများစွာ ချီတက်ခဲ့ကြပါသေးတယ်။
ညနေပိုင်းမှာတော့ နန်းတော်ဝင်ပေါက်ကို ပိတ်ဆို့ပြီး အဓိကရုံး နှိမ်နင်းရေး ရဲတွေအများအပြား တာဝန်ချထားလို့ အခြေအနေ တည်ငြိမ်ခဲ့ပါတယ်။
ဆာကက်ရှ်ဗီလီကတော့ ယူကရိန်း အဏာပိုင်တွေဟာ အကြမ်းဖက်မှုကို ဆွပေးတဲ့ အနေအထားကို ဖန်တီးတယ်လို့ စွပ်စွဲပါတယ်။ အစောပိုင်းက သပိတ်စခန်းကို အဆောက်အဦထဲမှာ တည်ထားဖို့ ဆန္ဒပြသူတွေကို သူက ဆော်သြခဲ့တာပါ။
နောက်ပိုင်းမှာတော့ အုပ်ချုပ်ရေး အဆောက်အဦတွေကို သိမ်းပိုက်ဖို့ ဘယ်လို ကြိုးစားမှုကိုမဆို ပြစ်တင် ရှုတ်ချခဲ့ပါတယ်။
ခုလို ရုန်းရင်းဆန်ခတ် ဖြစ်မှုတွေအတွက် ဆာကက်ရှ်ဗီလီမှာ တာဝန်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အကြံပေး အန်တွန် ဂျေရက်ရှ်ချန်ကိုက ပြောခဲ့ ပါတယ်။
5 years Ago