ရုန်းရင်းဆန်ခတ်

May 30, 2019

ဒေါင်းတို့မျိုးဆက် သံချပ်​အဖွဲ့ကို တရားရုံးထုတ်​စဉ်​ ရုန်းရင်းဆန်​ခတ်​ ဖြစ်​ပွား

တပ်မတော်က တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးကို ရန်ကုန်  မရမ်းကုန်းမြို့နယ် တရားရုံးမှာ မေလ ၂၉ ရက်ညနေက ၅ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို စစ်ဆေးဖို့ အင်းစိန်ထောင်ကနေ တရားရုံးကို ခေါ်ဆောင်လာပြီး စစ်ဆေးမှု မပြုလုပ်ခင် သူတို့ရှေ့နေတွေနဲ့ တွေ့ခွင့်တောင်းရာမှာ တွေ့ခွင့်မရတဲ့ အတွက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာပါ။ ရဲစည်းကမ်းနဲ့ မညီညွတ်တဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကြောင့် အခုလို ပြဿနာတက်တာလို့ တရားစွဲခံထားရသူ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဇေယျာလွင်က ပြောပါတယ်။ အခုလို ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ တရားရုံးထုတ်တဲ့ ပုံစံဟာ ဆိုးရွားတဲ့ပုံစံ ဖြစ်နေတယ်လို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။ ဒါကြောင့် လုံခြုံရေးတင်းကျပ်မှုနဲ့ ပတ်သက်ပြီး ပြဿနာမဖြစ်ရလေအောင် ပြီးခဲ့တဲ့ ၂ ရက်လောက်က ရန်ကုန်တိုင်းဝန်ကြီးချုပ် အပါအဝင် ရန်ကုန်တိုင်းရဲမှူး၊ အနောက်ပိုင်းခရိုင်ရဲမှူး၊ မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့နဲ့ တရားသူကြီးဆီကို စာတင်ထားပေမယ့် အခုချိန်ထိ လုံခြုံရေးပိုင်းက တင်းကျပ်နေဆဲလို့လည်း ရှေ့နေက ပြောပါတယ်။ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကျောင်းသားလူငယ် ၅ ဦးကို ပြီးခဲ့တဲ့ သင်္ကြန်ကာလက သံချပ်သီဆို ဖျော်ဖြေရာမှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အသုံးအနှုန်းတွေ ပါဝင်တယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားလိုလုပ်ပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ သတင်း - နေလင်းအောင်
2 years Ago

November 19, 2018

ဂရိတွင် ဆန္ဒပြသူ လူငယ်များနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ်ဖြစ်

ဂရိနိုင်ငံ အေသင်မြို့လယ်မှာ လူငယ်ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ နိုဝင်ဘာ ၁၇ ရက်က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ စစ်အာဏာရှင်ကို ဖြုတ်ချတဲ့ ၁၉၇၃ ကျောင်းသားဆန္ဒပြပွဲ နှစ်ပတ်လည်အတွက် ထောင်နဲ့ချီတဲ့လူတွေ ချီတက်ခဲ့တာပါ။ ဆန္ဒပြသူ အယောက် တသောင်းကျော်ဟာ မြို့လယ်တလျှောက် ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ခဲ့ကြပါတယ်။ သူတို့ကို ရဲတွေက အကြီးအကျယ် စောင့်ကြပ်ခဲ့တာပါ။ ချီတက်ပွဲ ပြီးဆုံးချိန်ရောက်မှ ၁၉၇၃ ခုနှစ်က လူတွေ ဒါဇင်ချီသေဆုံးခဲ့တဲ့ Athens Polytechnic ရှိရာ ခရိုင်မှာ ရဲတွေနဲ့ ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြသူတချို့က ရဲတွေကို ကျောက်ခဲတွေ၊ ဓာတ်ဆီပုလင်း ဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပြီး တခြားလူတွေကတော့ ထိုင်ခုံတွေနဲ့ လမ်းတွေကို ပိတ်ဆို့ခဲ့ပါတယ်။ တချို့ကတော့ အိမ်ခေါင်မိုးတွေပေါ်ကို ဓာတ်ဆီပုလင်းဗုံးတွေ ပစ်တင်ခဲ့ကြပါတယ်။ ရဲတွေက လူအုပ်ကို လူစုခွဲဖို့ မီးသတ်ပိုက်တွေ အသုံးပြုခဲ့ပါတယ်။
3 years Ago
Up