ရိုးရွိုက်စ်ကုမ္ပဏီ

February 16, 2017

၂၀၁၆ ခုနှစ်တွင် ရိုးရွိုက်စ်ကုမ္ပဏီ အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါး အရှုံးပေါ်

ဗြိတိန် ဂျက်အင်ဂျင်ထုတ်လုပ်ရေးကုမ္ပဏီ ရိုးလ်ရွိုက်စ် (RollsRoyce) ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါး အရှုံးပေါ်ခဲ့ပါတယ်။ အဂတိလိုက်စားမှုတခုကို ဖြေရှင်းခဲ့ရမှုနဲ့ အီးယူကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ခဲ့အပြီး ပေါင်ငွေတန်ဖိုး ထိုးကျခဲ့မှုတွေကြောင့် အခုလို အရှုံးပေါ်ခဲ့တာပါ။ အဲဒါတွေ ထည့်မတွက်ရင်တော့ ကုမ္ပဏီရဲ့ ပုံမှန်အမြတ်က စီးပွားရေးသုံးသပ်သူတွေရဲ့ ခန့်မှန်းချက်ထက် အများကြီး ကောင်းမွန်ခဲ့ပါတယ်။ ဗြိတိန်နဲ့ အမေရိကန် အာဏာပိုင်တွေကို အဂတိလိုက်စားခဲ့မှုအတွက် ဖြေရှင်းလိုက်ရတဲ့ငွေက ပေါင်ငွေ သန်း ၆၇၀ ကျော်ခဲ့ပြီး ပေါင်ငွေတန်ဖိုးကျလို့ ဆုံးရှုံးခဲ့တာက ပေါင် ၄ ဒသမ ၄ ဘီလီယံ ဖြစ်ပါတယ်။ ဗြိတိန်ဟာ အီယူးအဖွဲ့ဝင်အဖြစ်က နုတ်ထွက်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲအပြီး ဗြိတိန်ပေါင်ငွေရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရမှာ အနိမ့်ဆုံးကို ထိုးကျခဲ့တာပါ။ ကုမ္ပဏီရဲ့ ပုံမှန်အမြတ်ငွေကတော့ အရင်တနှစ်က ပေါင် ၁ ဒသမ ၄ ဘီလီယံ ရရှိခဲ့တာကနေ ပေါင် ၈၁၃ သန်းပဲ ရရှိခဲ့ပေမယ့် စီးပွားရေးကျွမ်းကျင်သူတွေ ခန့်မှန်းခဲ့တာထက်တော့ ပိုအမြတ်ထွက်ခဲ့ပါတယ်။
4 years Ago
Up