ရိုးရာလှေလှော်ပြိုင်ပွဲ ရေးမြို့တွင်ကျင်းပ

October 27, 2018

ရိုးရာလှေလှော်ပြိုင်ပွဲ မန္တလေးကျုံးရေပြင်တွင် ကျင်းပ

မြန်မာ့လှေလှော်အားကစား အဆင့်အတန်းမြင့်မားဖို့ ရည်ရွယ်ပြီး တိုင်းဒေသကြီးနဲ့ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲကို မန္တလေးမြို့ ကျုံးအနောက်ဘက် ရေပြင်မှာ  အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံ လှေလှော်အဖွဲ့တို့ ပူးပေါင်းကျင်းပတာပါ။ မြန်မာ့လှေလှော်အားကစားအဆင့်အတန်းတိုးတက်မြင့်မာရေး အထောက်အကူဖြစ်စေဖို့၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေဖို့၊ မြန်မာ့လှေလှော်အသင်းအတွက် အရန်အင်အားတွေ ပေါ်ပေါက်လာစေဖို့၊ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေ စုစည်း၊ ချစ်ကြည်ရင်းနှီးမှု ရရှိစေဖို့၊ ပြည်ထောင်စုစိတ်ဓာတ်ပိုမိုခိုင်မြဲလာစေဖို့နဲ့ နိုင်ငံတော်အားကစားလှုပ်ရှားမှုတွေမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ကျင်းပတာပါ။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ''လှေလှော်အားကစားနည်းအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအလယ်မှာ အခြားပြိုင်ပွဲဝင်နိုင်ငံများမှ အားကျဂုဏ်ယူလောက်သည်အထိ အောင်မြင်မှုများရရှိခဲ့သော်လည်း ထိုအောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အထူးလိုအပ်ပါတယ်၊ အရှေ့တောင်အာရှအဆင့်မှ အာရှအဆင့်၊ အာရှအဆင့်မှ ကမ္ဘာ့အဆင့်အထိ တက်လှမ်းနိုင်ပြီး၊ အောင်မြင်မှုတွေရရှိအောင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝါသနာရှင်များနဲ့ လှေလှော် အားကစားသမားအားလုံး အစွမ်းကုန်ကြိုးစား ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်'' လို့ ပြောပါတယ်။ တိုင်းဒေသကြီး နဲ့ ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲကို မန္တလေး ကျုံးရေပြင်မှာ ၂၀၁၆ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပခွင့်ရရှိခဲ့ပါတယ်။ အခုနှစ်မှာ ဒုတိယအကြိမ်မြောက် ကျင်းပခွင့်ရရှိခဲ့တာဖြစ်ပြီး အမျိုးသားအသင်း ၁၃ သင်း၊ အမျိုးသမီးအသင်း ၁၀ သင်းပါဝင်​ယှဉ်​ပြိုင်​ခဲ့ကြပါတယ်။ ပြိုင်ပွဲကို အောက်တိုဘာ ၂၇ ရက်ကနေ ၂၈ ရက်နေ့ထိ နှစ်ရက် ကျင်းပမှာဖြစ်ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုတွေကို ပြိုင်​ပွဲအလိုက်နဲ့ အမျိုးသားတံခွန်​စိုက်​ဒိုင်းဆု၊ အမျိုးသမီးတံခွန်​စိုက်​ဒိုင်းဆုနဲ့ စု​ပေါင်းဒိုင်းဆုတွေကို ချီးမြှင့်မယ်လို့ သိရပါတယ်။ သော်တာ
3 years Ago

March 5, 2017

သမိုင်းဝင်ရွှေမုဋ္ဌောစေတီ ဗုဒ္ဓပူဇနိယပွဲ အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ရဲ့ သမိုင်းဝင် စေတီတဆူဖြစ်တဲ့ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကြီးကို မတ်လ ၁ ရက် ကနေ ၄ ရက်အထိ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ အမျိုးသား၊ အမျိုးသမီး လှေလှော် အသင်း ၂၈ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမြန် အလှ ပြိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အသင်းတွေအနေနဲ့ ကလေးဝ၊ မင်းကင်း၊ မြစ်ရိုးတလျောက်ကျေးရွာတွေက အသင်းတွေ ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသား၊ အမျိုးသမီး အသင်းတွေကို ဆုကြေးအနေနဲ့ အမျိုးသားလှေလှော် ပထမဆု ကျပ်ဆယ်သိန်း၊ ဒုတိယ ၇ သိန်း၊ တတိယ ၅ သိန်းနဲ့ အမျိုးသမီးလှေလှော်ဆုကိုတော့ ပထမ ဒုတိယ တတိယ ကျပ် ၅ သိန်း ၃ သိန်း ၂ သိန်း အသီးသီး ချီးမြှင့်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ အမျိုးသား လှေလှော် ပထမဆုကို ဇီးထောင့်ရွာကိုယ်စားပြု ပေါ့ပါး အသင်းက ရရှိခဲ့ပြီး အမျိုးသမီးလှေလှော် ပထမဆုကို ကိုင်းရွာကိုယ်စားပြု ဒုံးကျည်မ အသင်းက ဆွတ်ခူးရရှိခဲ့ပြီး ဆုတွေကို မတ်လ ၄ ရက်နေ့မှာပဲ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ သတင်း-မင်းရဲစစ်နိုင်၊ ဓာတ်ပုံ-ကံကောင်း
5 years Ago
Up