ရိုဟင်ဂျာအဖွဲ့

April 27, 2018

ခြေစမ်းပွဲကစားမည့် လိဒ်စ်ယူနိုက်တက်အသင်း မြန်မာနိုင်ငံ မသွားရန် ရိုဟင်ဂျာအဖွဲ့ တောင်းဆို

ခြေစမ်းပွဲ လာရောက်ကစားဖိှု့ရှိနေတဲ့ ဗြိတိန် ပရီးမီးယားလိဂ် ကလပ်အသင်းတသင်း ဖြစ်တဲ့ လိဒ်စ်ယူနိုက်တက်အသင်းကို မြန်မာနိုင်ငံ မသွားဖို့ ဗြိတိန်နိုင်ငံမှ ရိုဟင်ဂျာတွေက ပြင်းပြင်းထန်ထန် တောင်းဆိုနေကြပါတယ်။ လိဒ်စ်ယူနိုက်တက်အသင်းဟာ လာမယ့် မေ ၉ ရက်နေ့မှာ MNL All Stars အသင်းနဲ့ ရန်ကုန်မြို့မှာ ကစားပြီးနောက် မေ ၁၁ ရက်မှာတော့ လက်ရွေးစင်အသင်းနဲ့ မန္တလေးမြို့မှာ ခြေစမ်းကစားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို မသွားဖို့ တောင်းဆိုမှုကိုတော့ ဘရက်ဒ်ဖို့အခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်း (ဘီအာရ်စီ) က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာ အကြမ်းဖက်မှု ရပ်တန့်ရေးလှုပ်ရှားမှု ဦးဆောင်တက်ကြွသူတဦး ဖြစ်ပြီး ဘီအာရ်စီအဖွဲ့မှာလည်း ပါဝင်နေတဲ့ အသက် ၆၀ အရွယ် ရှာရူခတ်အာမက်ဒ်က “ကျနော်တို့အနေနဲ့ ဒီခရီးစဉ် ဖြစ်လာတာကို စိတ်ပျက်မိပါတယ်” လို့ ပြောလိုက်ပါတယ်။ ဘီအာရ်စီအဖွဲ့ဝင်တွေဟာ လိဒ်စ်အသင်းရဲ့ အမာခံပရိသတ်တွေလည်းဖြစ်ပြီး ဒီကိစ္စအတွက် အသင်းပိုင်ရှင်ကို သူတို့နဲ့ ဆွေးနွေးဖို့လည်း တောင်းဆိုထားပါတယ်။ လက်ရှိမှာတော့ ကလပ်အသင်းဟာ နိုင်ငံရေးသမားတွေနဲ့ တခြားသော အဖွဲ့အစည်းတွေဆီက ကျယ်ကျယ်လောင်လောင် ဝေဖန်မှုတွေ၊ ကန့်ကွက်မှုတွေရရှိနေပြီး နောက်မှာ အသင်းဝက်ဘ်ဆိုဒ်စာမျက်နှာပေါ်မှာ အိတ်ဖွင့်ပေးစာတစောင်ကို  ရေးသားခဲ့ပါတယ်။ အဲဒီရေးသားချက်ထဲမှာတော့ ပိုင်ရှင်က “နိုင်ငံထဲမှာ ပြင်းထန်တဲ့ အခြေအနေတွေကို နားလည် သဘောပေါက်ပါတယ်။ ဒါပေမယ့် မယုံနိုင်စရာကောင်းတဲ့ နွေးထွေးပျူငှာမှုနဲ့ လှပတဲ့ နေရာတခု ဖြစ်နေတာကိုလည်း သိနေပါတယ်။ ဒါက ကျနော့်နှလုံးသားနဲ့ နီးနီးကပ်ကပ်ရှိနေတဲ့ နေရာတခုပါပဲ”လို့ ရေးသားထားခဲ့ပါတယ်။ အဲဒီနောက် ထပ်ပြီးတော့ “ဘောလုံးအားကစားက မြန်မာနိုင်ငံမှာ ထင်ရှားလာပါပြီ။ ဒီအားကစားကို ချစ်မြတ်နိုးကြသူတွေအားလုံးမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကူညီဖို့၊ ပြီးတော့ လူတွေကို၊ အထူးသဖြင့် လူငယ်တွေကို ပျိုးထောင်ပေးဖို့ အင်အားတွေ ရှိနေတာကို ကျနော် ယုံကြည်တယ်” လို့ ပြောခဲ့တာပါ။ အင်္ဂလန်ကလပ် လိဒ်စ်ယူနိုက်တက်အသင်း လာရောက်ခြေစမ်းမယ့် ပွဲစဉ်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကိုတော့ ဧပြီ ၂၄ ရက်က နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Photo: thetelegraphandargus
3 years Ago
Up