ရိုက်တာသတင်းထောက် ၂ ဦးကို ဖမ်းဆီးမှု

September 3, 2018

ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ဒဏ် ၇ နှစ်စီချမှတ်လိုက်သည့်အပေါ် သုံးသပ်ချက်

ရိုက်တာ သတင်းထောက် ၂ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁)(ဂ) နဲ့ နဲ့ ရန်ကုန်မြို့ မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၇ နှစ်စီ  ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။ ရိုက်တာသတင်းထောက် ၂ ဦးဆီကနေ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေ တွေ့ရှိတာရယ်၊ ကိုဝလုံးအိမ်မှာတွေ့ရတဲ့ AA အဖွဲ့က ဖုန်းနံပါတ်တွေကို တွေ့ရှိတာကြောင့် လုံခြုံရေးဆိုင်ရာ အချက်အလက်တွေ၊ တရားမဝင်အဖွဲ့အစည်းထံရောက်နိုင်တယ်လို့ တရားသူကြီးက သုံးသပ်ပြီး အမိန့်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ ရိုက်တာသတင်းထောက် ၂ ဦးကို အခုလို အမိန့်ချမှတ်လိုက်တဲ့အပေါ် ပြန်ကြားရေး ဒုဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်၊ အန်အယ်လ်ဒီပြောခွင့်ရ၊ မီဒီယာကောင်စီဝင်တို့ရဲ့ သုံးသပ်ချက်တွကို စုစည်းတင်ပြထားပါတယ်။ ဦးအောင်လှထွန်း  (ပြန်ကြားရေး ဒုဝန်ကြီး ) “အမှုတခုကို တရားရုံးက ကိုင်တွယ်နေတုန်းမှာ ကောက်ချက်ချလို့မရပါဘူး။ အခုကတော့ အမိန့်ချလိုက်ပြီလို့ ကျနော်ကြားပါတယ်။ Personlly (ပုဂ္ဂိုလ်ရေးအရ) ကတော့ စိတ်မကောင်းပါဘူး။ သူတို့မှာ Appeal (အယူခံခွင့်) ရှိပါသေးတယ်။ ဒါက သတင်းလွတ်လပ်ခွင့်ကို ထိပါးသလားဆိုတာကတော့ Pscylogical (စိတ်ဓာတ်) ကိုတော့ ထိခိုက်မှာပေါ့။ မှန်ပါတယ်။ သတင်းလွတ်လပ်ခွင့်ကို အဟန့်အတားပြုတဲ့ ဥပဒေတချို့ ရှိနေ ပါသေးတယ်။” ဒေါက်တာမျိုးညွန့် (အန်အယ်လ်ဒီရဲ့ ပြောခွင့်ရသူ) “တရားစီရင်ရေးဆိုတာ အထောက်အထားအပေါ် အခြေခံရပါတယ်ခင်ဗျ။ တခါတရံမှာ အထောက်အထား မခိုင်လုံရင် အပြစ်ရှိတဲ့သူလည်း လွတ်တတ်ပါတယ်။ သံသယရှိစရာ အထောက်အထားတွေပေါ်ပေါက်ရင် အပြစ်မရှိဘဲ ခံစားခဲ့ရတာ ဒါကမ္ဘာ့သမိုင်းမှာလည်း အများကြီးရှိပါတယ်။” ဦးမြင့်ကျော်  (မြန်မာနိုင်ငံ မီဒီယာကောင်စီဝင်) “တရားစီရင်ရေးလွတ်လပ်ခွင့်မရှိဘူး။ သြဇာလွှမ်းမိုးမှုခံရတယ်။ ဘယ်သူတွေက ဘယ်လို လွှမ်းမိုးတယ် ဆိုတာတော့ ကျနော်တို့မှာ သက်သေ အထောက်အထားတော့ မရှိဘူး။ သို့ပေမယ့် အမှုသွား အမှုလာအရ ပြစ်ဒဏ်ကျခံရဖို့အကြောင်း မရှိဘဲ ကျခံရတော့ ကျနော်တို့က အဲလိုပဲ ယူဆရမှာပဲ။ နောက်တခုကတော့ မီဒီယာတွေဟာ ရခိုင်အရေးလို ကိစ္စမျိုးမှာ ဖုံးကွယ်နေတာတွေကို ထုတ်ဖော်ဖို့ ကြိုးစားရင်တော့ အခုလိုမျိုး အရင်းနှီးကြီးမားတယ်လို့ သတင်းစကားပါးတယ်လို့ နားလည်ရမှာပေါ့။ ဒီလိုအမိန့်ချတဲ့အတွက်လည်း အစိုးရပုံရိပ်ကျသလို ရခိုင်အရေးနဲ့ပတ်သက်ရင် နိုင်ငံတကာရဲ့ သံသယပိုပြီး ကြီးလာမယ်။” ဦးအောင်သိန်း (အန်အယ်လ်ဒီပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ) “လျှို့ဝှက်တဲ့ဆိုတဲ့ဥစ္စာသတ်မှတ်ချက်ရှိမှ လျှို့ဝှက်တယ်ဆိုတာ ပေါ်ပေါက်မှာ။ သမ္မတက ပြန်တမ်းနဲ့ထုတ်ပြန်ထားတဲ့ နယ်မြေမျိုးကို ကျူးဝင်ရင်၊ အစိုးရရဲ့ အရေးကြီးတဲ့ ကန့်သတ်တို့၊ လျှို့ဝှက်တို့ရေးထားတဲ့ စာရွက်စာတမ်းမျိုးရရှိမှသာလျှင် လျှို့ဝှက်အက်ဥပဒေနဲ့ အရေးယူလို့ရတယ်လို့ ကျနော် ရှေ့နေတယောက်အနေနဲ့ အဲလိုမြင်ထားတယ်ဗျ။ အခုဟာက ဒီလျှို့ဝှက်စာရွက်စာတမ်းဆိုတာကို အမှုရဲ့တည်ဆောက်ပုံအရကြည့်ရင် ဒါ Creation ပေါ့၊ ဖန်တီးပြီး တည်ဆောက်တယ်လို့ ကျနော်တို့က အဲလိုမြင်တယ်။ သဘာဝကျကျ အမှန်အတိုင်းတည်ဆောက်တဲ့ အမှုမဟုတ်ဘူးလို့ မြင်တယ်။ လျှို့ဝှက်လူသတ်တဲ့ကိစ္စကို ကျနော်တို့က လျှို့ဝှက်ထားရမှာလား။”
3 years Ago

ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်

ရိုက်တာ သတင်းထောက် ၂ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ရန်ကုန်မြို့ မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၇ နှစ်စီ   ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး ဒုခရိုင်တရားသူကြီး ဦးရဲလွင်က သတင်းထောက်တွေကိုင်တဲ့ဖုန်းထဲက ပုပ်ရဟန်း မင်းကြီး ခရီးစဉ် စတဲ့ လျှို့ဝှက်စာရွက်စာတမ်းနဲ့ ကိုဝလုံး အိမ်မှာ AA အဖွဲ့ဝင်ရဲ့ ဖုန်းနံပါတ်တွေ့ရှိလို့ ချုပ်ရက်တွေနုတ်ပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တာလို့ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။ ဒီလိုအမိန့်ချလိုက်တာဟာ စိတ်ပျက်စရာကောင်းပြီး အယူခံပြင်ဆင်မှုအပါဝင် သတင်းထောက်တွေ လွတ်မြောက်ရေး နည်းလမ်းစုံနဲ့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။ ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁)(ဂ) နဲ့ အခုလို စီရင်ချက်ချလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့သြဂုတ် ၂၇ ရက်နေ့မှာ အပြီးသတ် စီရင်ချက်ချမှတ်ဖို့  ရုံးချိန်းက တရားသူကြီး နေမကောင်းလို့ ရွှေ့ဆိုင်းလိုက်ရပြီး ဒီနေ့မှာ အပြီးသတ်စီရင်ချက် ချမှတ်လိုက်တာပါ။ သတင်းမီဒီယာကောင်စီအဖွဲ့ဟာ သတင်းမီဒီယာဥပဒေရဲ့ အားနည်းချက်ကြောင့် နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ချခံလိုက်ရတဲ့ ရိုက်တာသတင်းထောက်တွေကို မကာကွယ်နိုင်ခဲ့တာလို့ ကောင်စီအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးသီဟစောက ပြောပါတယ်။ တရားရုံးကို လာရောက်ခဲ့တဲ့ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်ကလည်း သတင်းယူရင်း ထောင်ချလိုက်တဲ့ကိစ္စဟာ စိတ်မကောင်းစရာဖြစ်တဲ့အတွက် ကြေညာချက်ထုတ် ထုတ်ပြန် သွားမယ်လို့ ပြောပါတယ်။ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရခိုင်ပြည်နယ် အင်းဒင်ရွာ လူသတ်မှုအကြောင်း သတင်းဆောင်းပါး ရေးသားဖို့ သတင်းလိုက်ရင်း ၂၀၁၇ ဒီဇင်ဘာလက ဖမ်းဆီးခံရတာ ၉ လကျော်ကြာရှိခဲ့ပါတယ်။ အင်းဒင်ရဲစခန်းက ဒုရဲမှူးမိုးရန်​နိုင်​ကတော့ ရိုက်တာ သတင်းထောက် ၂ ဦးကို ရဲတပ်ဖွဲ့က ထောင်ဖမ်းခဲ့တာလို့ သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။ လင်းဆက်အောင်
3 years Ago

April 20, 2018

ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ဖမ်းခဲ့ဟု ဒုရဲမှူးဝန်ခံ

နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲခံထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦးကို ရဲတပ်ဖွဲ့က ထောင်ဖမ်းခဲ့တာဖြစ်တယ်လို့ အင်းဒင်ရဲစခန်းက ဒုရဲမှူးမိုးရန်​နိုင်​က သတင်းမီဒီယာတွေကို ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ဧပြီ ၂၀ ရက်နေ့ တရားရုံးထုတ်ရာမှာ တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့တဲ့ ရခိုင်ပြည်နယ် အင်းဒင်ရဲစခန်းက ဒုရဲမှူး မိုးရန်နိုင်က ရိုက်တာသတင်းထောက် နှစ်ဦးကို  ထောင်ဖမ်းခဲ့တာ ဖြစ်တယ်လို့ ထွက်ဆိုသွားခဲ့တာပါ။ ရိုက်တာ သတင်းဌာနရဲ့  မြန်မာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာသုသာင်္န်မှာ မွတ်စလင်အရပ်သား ၁၀ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး သတင်းယူဖို့ ကြိုးစားစဉ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ သတင်းထောက် နှစ်ဦးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၂ ရက် ညပိုင်းက မင်္ဂလာဒုံမြို့နယ် ရှိ စားသောက်ဆိုင်တဆိုင်မှာ ဒုရဲမှူး မိုးရန်နိုင် တပ်ကြပ်ကြီး ခင်မောင်လင်းတို့နဲ့ သွားရောက်တွေ့ဆုံပြီး ဆိုင်က ပြန်အထွက်မှာ လျို့ဝှက်စာရွက်စာတမ်း လက်ဝယ်တွေ့ရှိ တယ်ဆိုပြီး ထောင် ၁၄နှစ်ထိချမှတ်နိုင်တဲ့ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ဒုရဲမှူး မိုးရန်နိုင်နဲ့ တပ်ကြပ်ကြီး ခင်မောင်လင်းတို့ကိုလည်း ရဲအက်ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။ အခုလို ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရတာဟာ ထောင်ဖမ်းခံရခြင်း သာဖြစ်တယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကလည်း ပြောကြားထားပါတယ်။
3 years Ago
More News
Up