နှုတ်ဆက်ပွဲပြုလုပ်

December 31, 2016

ရာထူးမှ အနားယူတော့မည့် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း နှုတ်ဆက်ပွဲပြုလုပ်

ရာထူးကနေ မကြာခင် အနားယူတော့မယ့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဒီဇင်ဘာ ၃၀ ရက်နေ့က နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ဝန်ထမ်းအားလုံးကို နှုတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီနှုတ်ဆက်ပွဲအတွင်း မစ္စတာ ဘန်ကီမွန်းက “ကျနော် အခု ပုံပြင်ထဲက စင်ဒရဲလားလေးလို ခံစားနေရပါတယ်။ မနက်ဖြန် ညဥ့်သန်းခေါင်ယံမှာ အရာအားလုံး ပြောင်းလဲတော့မယ်” လို့ ဟာသလုပ်ရင်း အစချီပြောကြားခဲ့ပါတယ်။ ဒီနောက်ဆက်ပြီး “မနက်ဖြန် နှစ်သစ်ကူးည Times Square ရင်ပြင်မှာ လူသန်းပေါင်းများစွာက ကျနော်အလုပ်ပြုတ်တာကို စောင့်ကြည့်တော့မယ်” လို့လည်း နောက်ပြောင်ခဲ့ပါသေးတယ်။ “ကျနော်ဟာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ကလေးတယောက်ဖြစ်ပါတယ်။ ခင်ဗျားတို့နဲ့အတူ ကုလသမဂ္ဂအဖွဲ့ကြီးနဲ့အတူ ကျနော် အမြဲတမ်းရှိနေမှာပါ” လို့ ဆက်ပြောသွားပါတယ်။ လက်ထောက်အတွင်းရေးမှူးးချုပ် စတီဖန် အိုဘရိုင်ယန် (Stephen O'Brien) ကလည်း “သဘောကောင်းတဲ့၊ သတ္တိရှိတဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ခေါင်းဆောင်မှုနဲ့ ဆောင်ရွက်မှုတွေဟာ စံနမူနာ ဖြစ်ခဲ့ပါတယ်” လို့ ချီးကျူးသွားပါတယ်။ ကုလသမဂ္ဂ လူထုဆက်ဆံရေးနဲ့ သတင်းဌာန အကြီးအကဲ မာရှာ နတ်ဆာ (Masher Nasser) ကလည်း “ဒီ ၁၀ နှစ်ဟာ အရမ်းကို အရေးကြီးတဲ့နှစ်တွေ ဖြစ်ခဲ့ပါတယ်။ နောက်နှစ် အတွင်းရေးမှူးချုပ်သစ် ရောက်လာမယ့်အချိန်ကို မျှော်လင့်နေပြီး ရှေ့ကို ဆက်လက်ချီတက်ကြရပါမယ်” လို့ ပြောကြားသွားပါတယ်။ နူးညံ့သိမ်မွေ့ပြီး သဘောကောင်းသူတဦးအဖြစ် နာမည်ကြီးတဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့နေရာကို ပေါ်တူဂီနိုင်ငံသား အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ၂၀၁၇ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး လွှဲပြောင်းယူတော့မှာ ဖြစ်ပါတယ်။
5 years Ago
Up