နှုတ်ခမ်းနီ

August 25, 2017

ကာရာအိုကေလူသတ်မှု ဖမ်းဆီးခံရသူများ နှုတ်ခမ်းနီဆိုးလာသည့်အပေါ် ဝေဖန်မှုမြင့်တက်

ကာရာအိုကေဘားက မိန်းကလေးကို ၂၀၁၇ ခုနှစ် မေလက ခန္ဓာကိုယ်အပိုင်းပိုင်းဖြတ် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အဓိကသံသယရှိ ဖမ်းဆီးခံထားရသူတွေ တရားရုံးထွက်စဉ် နှုတ်ခမ်းနီ အရောင်တောက်တောက် ဆိုးထားတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ဒါပေမယ့် ဒီဝေဖန်မှုတွေကို အကျဉ်းထောင်အာဏာပိုင်တွေက သံသယနဲ့ ဖမ်းဆီးထားသူ အမျိုးသမီးမှန်သမျှ မိတ်ကပ်လိမ်းခြယ်ပိုင်ခွင့်ရှိတယ်လို့ ကာကွယ်ပြောဆိုလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ သြဂုတ် ၂၄ ရက်နေ့က ဖော်ပြလိုက်ပါတယ်။ ကာရာအိုကေဘားက မိန်းကလေးကို အပိုင်းပိုင်းဖြတ်သတ်မှုနဲ့ အသက် ၂၄ နှစ်အရွယ် ပရီရန်နာ့ခ်ျနဲ့အတူ ကျူးလွန်သူတွေက အယူခံဝင်ဖို့  သြဂုတ် ၂၃ ရက်နေ့မှာ ခွန်ကဲန်တရားရုံးကို လာစဉ် နှုတ်ခမ်းနီပန်းရောင်နဲ့ အနီရောင်တောက်တောက်တွေ ဆိုးခဲ့လို့ လူမှုကွန်ရက်တွေပေါ်မှာ ဝေဖန်မှု ပြင်းထန်ခဲ့တာပါ။ ထောင်ထဲမှာ သံသယနဲ့ ဖမ်းဆီးထားသူတွေကို နှုတ်ခမ်းနီဆိုးခွင့်ပြုသလားလို့ လူမှုကွန်ရက် သုံးစွဲသူတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။ ခွန်ကဲန်အကျဉ်းထောင် အကြီးအကဲဖြစ်သူ ဝီရာချိုင်ဖက်ချာရက်က အကယ်၍ အကျဉ်းသူတွေအားလုံးအနေနဲ့ မိတ်ကပ်လိမ်းချင်ရင် လိမ်းခွင့်ရှိကြောင်း၊ ဒါက သူတို့ရဲ့ အခြေခံအခွင့်အရေး ဖြစ်တယ်လို့ သြဂုတ် ၂၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။ “ဒါက သူတို့ရဲ့ အခြေခံအခွင့်အရေးဖြစ်လို့ သံသယနဲ့ ဖမ်းဆီးခံထားရသူ အမျိုးသမီးအကျဉ်းသား အားလုံး မိတ်ကပ်လိမ်းခွင့်နဲ့ နှုတ်ခမ်းနီဆိုးခွင့် ပြုထားပါတယ်ဆိုတာ ကျနော် အခိုင်အမာ ပြောပါတယ်။ အမျိုးသမီးအကျဉ်းသူတွေ၊ သံသယနဲ့ ဖမ်းဆီးခံရသူ အမျိုးသမီးတွေကို မိတ်ကပ်လိမ်းခွင့်ပြုထားတယ်။ ဒါက သူတို့အနေနဲ့ ပုံမှန်ဘဝမျိုးကို ခံစားနေထိုင်လို့ ရစေတယ်” လို့ ဝီရာချိုင်ဖက်ချာရက်က ပြောလိုက်တာပါ။ ဒါပေမယ့် သူတို့အနေနဲ့ အကျဉ်းထောင်ရဲ့ စည်းမျဉ်းဥပဒေတွေကိုတော့ လိုက်နာရမယ်လို့ သူက ပြောပါတယ်။ အကျဉ်းသားအမျိုးသမီးတွေ ဆွေမျိုးတွေနဲ့ တွေ့တဲ့နေ့ ဒါမှမဟုတ် အကျဉ်းထောင်က ကျင်းပတဲ့ လှုပ်ရှားမှုနေ့တွေနဲ့ အကျဉ်းသူအမျိုးသမီးတွေ ကပွဲနေ့တွေမှာ သူတို့တွေ မိတ်ကပ်လိမ်းကြတယ်လို့လည်း ပြောပါတယ်။ ကာရာအိုကေဘားက မိန်းကလေးကို အပိုင်းပိုင်းဖြတ် သတ်မှုမှာ သံသယရှိ ဖမ်းဆီးခံထားရတဲ့ ပရီရန်နာ့ခ်ျ၊ ကဝီတာရက်ချာဒါ၊ အပီဝန်နဲ့ ဝါဆင်နမ်ပရွမ်တို့က သြဂုတ် ၂၃ ရက်နေ့က ခွန်ကဲန်တရားရုံးမှာ ရုံးထွက်စဉ် ကြိုတင်ကြံစည်ပြီး သတ်တယ်ဆိုတဲ့ အမှုကြီးမှာ သူတို့အပြစ်မရှိကြောင်း အယူခံ ဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
4 years Ago
Up